All News Local News Peace

ကျောက်တော်မှ ရာအိမ်မှူးများအပါအဝင် ၅ ဦးကို AA ဖမ်းဆီး ဟု တပ်မတော် သတင်းထုတ်ပြန်

ကျောက်တော်မှ ရာအိမ်မှူးများအပါအဝင် ၅ ဦးကို AA ဖမ်းဆီး ဟု တပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်၊ မေ ၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာနှင့် မာလာကျေးရွာ(မြို)တို့မှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူများအပါအဝင် ၅ ဦးကို AA က မေ ၁၈ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးသွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးပန်းသာ နှင့် ဦးဝေသာအောင်နှင့် မာလာကျေးရွာ(မြို)မှ ရာအိမ်မှူး တာဝန်ထမ်းဆောင်သူ ဦးမောင်ဟန်သိန်းအပါအဝင် အမျိုးသား ၈ ဦိး အမျိုးသမီး ၄ ဦး ၄ ဦးတို့သည် ကျောက်တော်မြို့၌ Covid-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး နိုင်ငံတော်ကထောက်ပံ့ပေးသည့် ထောက်ပံ့ ပစ္စည်းများယူဆောင်ရန်နှင့် လိုအပ်သောဈေးပစ္စည်းများဝယ်ယူရန်အတွက် မာလာကျေးရွာ မှ ကျောက်တော်မြို့သို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ကြောင်း၊ ကျောက်တော် မြို့မဈေးတွင် ဈေးဖြန့်ခွဲဝယ်ယူလျက်ရှိစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ဦးပန်းသာနှင့် ဦးမောင်သာဝင်း ၂ ဦးတို့ကို ကစ္ဆပသီရိလမ်းနေရာ၌ အရပ်ဝတ်များဝတ်ဆင်ထားသော AA အဖွဲ့ဝင် ၁၀ ဦးခန့်ကလည်းကောင်း၊ နေ့လယ် ၁၂ နာရီခွဲ ခန့်တွင် ဦးမောင်ဟန်သိန်း၊ ဦးဝေသာအောင်နှင့် ဦးအောင်စော ၃ ဦးတို့ကို ဈေး၏ မြောက်ဘက်၊ မင်းစောမွန်လမ်းရှိ ဆေးဆိုင်အနီး၌ AA အဖွဲ့ဝင် ၁၀ ဦးခန့်ကလည်းကောင်း ဖမ်းဆီးချုပ်နှောင်၍ ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း၊ ဦးမောင်သိန်းထွန်း ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်တပ်တော် AA ထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ်မရရှိပေ။ ရခိုင်ဒေသတွင် သတင်းထောက်များ သတင်းရယူခွင့် ပိတ်ပင်တားဆီးထားပြီး အင်တာနက်လိုင်းများကိုလည်း အစိုးရက ဖြတ်တောက်ထားသဖြင့် မြေပြင် လက်တွေ့ အခြေအနေများကို အတည်ပြု သတင်းရယူရန် အလွန်ခက်ခဲလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts