All News Local News

ကိုဗစ် ၁၉ ရောဂါ ရှာဖွေရေးစက်များ အစိုးရ ကိုယ်တိုင်မဝယ်ဘဲ အလှူရှင် မျှော်လင့်နေသလား၊ စီမံချက်နောက်ကျဟု တပ်ကိုယ်စားလှယ် လွှတ်တော်တွင် ဝေဖန်မေးခွန်းထုတ်

ကိုဗစ် ၁၉ ရောဂါ ရှာဖွေရေးစက်များ အစိုးရ ကိုယ်တိုင်မဝယ်ဘဲ အလှူရှင် မျှော်လင့်နေသလား၊ စီမံချက်နောက်ကျဟု တပ်ကိုယ်စားလှယ် လွှတ်တော်တွင် ဝေဖန်မေးခွန်းထုတ်


ရန်ကုန်၊ မေ ၂၁

အစိုးရအနေဖြင့် ကိုဗစ် ၁၉ရောဂါ ရှာဖွေရေးစက် ဝယ်ယူရာတွင် ကိုယ်တိုင်မဝယ်ဘဲ အလှူရှင်များ ကိုမျှော်လင့်နေသလားဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ်လိုက်သည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှအမေရိကန်ဒေါ်လာသန်း ၅ဝ ချေးငွေရယူရေးနှင့်စပ်လျဉ်းသည့် ဆွေးနွေးရာတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။


“ ယခုချေးငွေနဲ့ဆောင်ရွက်မယ့် စီမံကိန်းကတော့ ကုသရေးအတွက်ဖြစ်နေတာတွေ့ရပါတယ်။ ဒါကလည်း လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ ယေဘုယျအားဖြင့်ထောက်ခံပါတယ်။ သို့သော်လည်းပဲ ရောဂါရှာဖွေစစ်ဆေးနိုင်တဲ့စက်တွေကို အရင်ဦးစားပေးမဝယ်ဘဲနဲ့ ကုသရေးအတွက်စက်တွေကို ဝယ်တာက ရောဂါအတည်ပြုစစ်ဆေးနိုင်တဲ့စက်တွေ လုံလောက်နေပြီလား ဒါမှမဟုတ်ရင် ဝယ်ရခက်ခဲနေလို့လား။ ကိုယ်တိုင်မဝယ်ဘဲနဲ့ အလှူရှင်တွေကိုပဲ ထက်ပြီးမျှော်လင့်နေတာလားလို့ မေးစရာဖြစ်နေပါတယ်။ ယနေ့ ကမ္ဘာ ပေါ်မှာ ဆားစ် ကိုဗစ်၁၉ စတဲ့ရောဂါတွေက ကပ်ရောဂါအသွင် မကြာခဏဖြစ်နေတာကို တွေ့မြင်ရလို့ ယခုချေးငွေတွေနဲ့ ဆေးရုံတွေကို အဆင့်မြင့်တင်ရုံမကဘဲနဲ့ ကူးစက်ရောဂါ အထူးကုသီးခြားဆေးရုံတွေကို တိုင်းဒေသကြီး ပြည်နယ်များအလိုက် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိလဲ သိလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့ပြင် ကိုဗစ် ၁၉ရောဂါကို ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပြန်လည်ကုစားရေးအစီအစဉ်များကို ပြည်ထောင်စုအစိုးရအနေဖြင့် အစွမ်းကုန်ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ပြည်သူများ ကိုယ်စား ကျေးဇူးတင်ကြောင်း၊ သို့သော် စီမံချက်များ ရေးဆွဲမှုနောက်ကျကာ ချေးငွေရယူရေးမှာလည်း တခြားနိုင်ငံတွေထက် များစွာနောက်ကျပြီးမှ ရရှိသည်မှာ အစိုးရ၏ စီမံခန့်ခွဲမှု ကြိုတင်မျှော်တွေးနိုင်စွမ်းနှင့် ပညာရှင်များကို အသုံးချနိုင်စွမ်းအားနည်းမှုစသည့်လိုအပ်ချက်များရှိနေသည်ကို ဖော်ပြနေကြောင်း၊ ပြည်တွင်းပြည်ပက ငွေပစ္စည်းလှူးဒါန်းမှုများနှင့် ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ်တွင် ၁ဝရက် ၄ လ ၂ဝ၂ဝထိပဲ ဖော်ပြထားပြီး ကျန်လှူဒါန်းမှုများကို ဆိုရှယ်မီဒီယာကပဲ သိခွင့်ရနေသည့်အတွက် ပြည်သူတွေကိုယ်စား ပြည်ထောင်စုအစိုးရအနေဖြင့် တိကျစွာဖော်ပြပေးရန် အစီအစဉ်ရှိမရှိကို မေးခွန်းထုတ်လိုကြောင်း ဗိုလ်မှူး ဝင်းမင်းထွန်းကဆက်လက်ပြောဆိုသည်။


“ရောဂါရှာဖွေရေးနဲ့ ကာကွယ်ထိန်းချုပ်ရေးဟာ ကိုဗစ် ၁၉ ကုသရေးမှာ ပိုအရေးပါအရာရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်တာကို အားလုံးသိပြီးဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်တဲ့ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၆၂ ရာခိုင်နှုန်းက ရောဂါ လက္ခဏာပြသခြင်းမရှိဘဲနဲ့ ရောဂါပိုးတွေ့နေတယ်လို့ ပြောထားပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ တစ်နေ့ကို သံသယရှိသူ ရာဂဏန်းသာ ရောဂါရှာဖွေစစ်ဆေးနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါဟာဘာကိုညွှန်ပြနေလည်းဆိုတော့ နိုင်ငံရဲ့ လူဦးရေစုစုပေါင်း အချိုးနဲ့တွက်ရင် လေးထောင်မှာ တစ်ဦးသာ စစ်ဆေးပေးနိုင်တာဖြစ်ပါတယ်။ ပြည်သူတွေစိုးရိမ်နေတာကလည်း ရောဂါရှာဖွေရေးကို များစွာလုပ်မပေးနိုင်လို့ ကူးစက်မှုတွေ ပြန်လည်ဖြစ်ပေါ်လာနိုင်သလို ပြည်သူတွေကလည်း ရေရှည် ှQuarantine မဝင်နိုင်ဘဲနဲ့ မဖြစ်မနေအလုပ်ပြန်လုပ်ရရင် Outbreak ဖြစ်လာမှာ စိုးရိမ်နေကျပါတယ်။ ငါးပွက်ရာ ငါးစာချသလို positive လူနာသွားလာနေထိုင်ထိတွေ့တဲ့ ပတ်ဝန်းကျင်တွေလောက်သာ စစ်ဆေးပြီး Lock Down ချတာမျိုး Quarantine ဝင်ခိုင်းတာမျိုးလောက်နဲ့တော့ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် Quarantine ဝင်ရတဲ့ လူအားလုံးကိုလည်း ဘာကြောင့် မစစ်ဆေးတာလည်းလို့ မေးခွန်းထုတ်စရာပါ။ ကိုဗစ်၁၉နဲ့ပတ်သက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ တပ်မတော်က အမြဲတမ်းတံခါးဖွင့်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိ ကိုဗစ်၁၉ဖြစ်ပွားမှုအခြေအနေက Contingency Plan အတိုင်းဆိုရင် အစိမ်းလား။ အဝါလား။ အနီလား။ အစိမ်းရင့်ရောင်လား။ လေးခုထဲက ဘယ်အရောင်အဆင့်မှာရှိတယ်ဆိုတာ ပြည်သူတွေသိအောင် ဖော်ပြပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။


ကိုဗစ်ကပ်ရောဂါအတွက် အမေရိကန်ဒေါ်လာသန်း ၅ဝ ချေးငွေရယူရေး ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် ၄ဦးက ပါဝင်ဆွေးနွေးခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts