All News Local News

ကိုဗစ်လူနာသစ် ၆ ဦး ယနေ့ ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြည်သူများကို သတိပေး

ကိုဗစ်လူနာသစ် ၆ ဦး ယနေ့ ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြည်သူများကို သတိပေး

ရန်ကုန်၊ မေ ၄

ယနေ့ မေလ ၄ ရက်နေ့တွင် ကိုဗစ်လူနာသစ် ၆ ဦး ထပ်မံ တွေ့ရှိရသဖြင့် ပြည်သူများ မပေါ့ကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြည်သူများကို သတိပေးလိုက်သည်။

“၁-၅-၂၀၂၀ နဲ့ ၂-၅-၂၀၂၀ စစ်ဆေးမှုတွေအရ၊ covid positive တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။၃-၅-၂၀၂၀၊ မနေ့ကတော့ (၄)ယောက်၊ ဒီကနေ့ ၄-၅-၂၀၂၀ မှာ (၆)ယောက်တွေ့ခဲ့ ပါတယ်။ဒါကြောင့် ကျွန်မတို့ လုံးဝ ပေါ့လို့ မဖြစ်ဘူးဆိုတာ ကြားရ၊ ဖတ်ရ သူတွေ ငြီးငွေ့ရလောက်အောင်သတိပေး နေရတာပါ။

ထပ်တလဲလဲ ပြောရင်းနဲ့ စိတ္တဗေဒ သုတေသီအချို့က၊ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ အချက်တစ်ချက်စွဲ
သွားဖို့ အကြိမ် (၂၀၀) လောက်ပြောရတယ်လို့ တွေ့ရှိထားကြောင်းကိုလည်း ကျွန်မ ထည့်ပြောလေ့ရှိပါတယ်။ဒီလောက်တောင်ပဲ ပြောဖို့လိုလား လို့လဲ တွေးမိပါတယ်။

နိုင်ငံရေးလောကထဲ ရောက်လာပြီးလူပေါင်းစုံနဲ့ ပေါင်းရတော့လူတွေကို တော်တယ် ညံ့တယ်၊ ကောင်းတယ်
ဆိုးတယ်လို့ ခွဲမြင်တာထက် သင်လို့ လွယ်တယ်၊ သင်လို့ ခက်တယ် လို့ ခွဲမြင်လာ ပါတယ်။
သင်လို့ လွယ်သူ တွေကိုတော့အကြိမ်(၂၀၀) ပြောဖို့ လိုမယ် မထင်ပါဘူး။

Covid ကို ထိမ်းချုပ်ရေးမှာ လောလောဆယ် အထူး အလေးထား ရမဲ့ ကိစ္စကြီး(၂)ရပ်ရှိပါတယ်။
ကျန်းမာရေးအရ စစ်ဆေးပြီး ပြန်ဖွင့်ခွင့် ပေးလိုက်တဲ့ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေကြား ရောဂါမပြန့်ပွါးရေးနဲ့ နယ်စပ်မှပြန်လာမဲ့ အလုပ်သမားတွေ အကြား ရောဂါ မပြန့်ပွါးရေးတို့ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန က စက်ရုံ၊ အလုပ်ရုံ တွေမှာလိုက်နာ ရမဲ့ စည်းကမ်း၊ စည်းမျဉ်းတွေ၊ပြည်တော်ပြန်များနဲ့ သက်ဆိုင်တဲ့အစီအစဉ်၊ စည်းကမ်းတွေ သေသေချာချာ ထုတ်ပြန်ထားပါတယ်။ အားလုံးက တိတိကျကျလိုက်နာမယ်ဆိုရင်ကျွန်မတို့ covid ကို အောင်နိုင်မှာပါ။

အပေါ်က အပိုဒ်ကိုအကြိမ်(၂၀၀) မရေးတော့ပါဘူးနော်။ကျွန်မတို့ ပြည်သူတွေ သင်ရလွယ်တယ်လို့ ယုံ ကြည်လိုက်ပါမယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံတွင် စုစုပေါင်း ကိုဗစ်လူနာ ၁၆၁ ဦး ရှိလာပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts