Local News political news

ကိုဗစ်ကာလ ဘာသာရေးအခမ်းအနားနှင့် လူစုလူဝေး မလုပ်ရဟု ပြည်ထောင်စုအစိုးရက အမိန့်ထုတ်ထားချိန် ရန်ကုန်တိုင်းအစိုးရဦးဆောင်သော ဘာသာရေးပွဲ အမိန့်ဥပဒေကို ကျော်လွန်လုပ်ဆောင်ဟု ဝေဖန်ခံရ

ကိုဗစ်ကာလ ဘာသာရေးအခမ်းအနားနှင့် လူစုလူဝေး မလုပ်ရဟု ပြည်ထောင်စုအစိုးရက အမိန့်ထုတ်ထားချိန် ရန်ကုန်တိုင်းအစိုးရဦးဆောင်သော ဘာသာရေးပွဲ အမိန့်ဥပဒေကို ကျော်လွန်လုပ်ဆောင်ဟု ဝေဖန်ခံရ

ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်တစ်ထောင် စေတီတွင် မေလ ၂၄ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့က ဦးဆောင်၍ ဘာသာရေးပွဲ ကျင်းပခြင်းသည် ပြည်ထောင်စုအစိုးရ၏ ကိုဗစ်ကာလ ဘာသာရေးအခမ်းအနားများနှင့် လူစုလူဝေး မလုပ်ရဆိုသော အမိန့်နှင့်ဥပဒေများကို ကျော်လွန်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။

မေလ ၂၄ ရက်နေ့ ဗိုလ်တထောင်စေတီတွင် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ပွဲ အခမ်းအနား ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အဆိုပါ အခမ်းအနားပွဲမှာ ပြည်သူလူထုအတွက် အရေးတကြီး လိုအပ်နေသည့် အရာမဟုတ်ဘဲ Covid ကာလမှာ လူစုလူဝေးနှင့် မနေဘဲ ကျန်းမာရေးအသိရှိရန်လိုအပ်ကြောင်း၊ ရန်ကုန်တိုင်းအစိုးရအနေဖြင့် ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နှင့် ဆိုသည့်သဘောသက်ရောက်နေကြောင်း ဝေဖန်ပြောဆိုသည်။

“အခမ်းအနားကတော့ ကျနော်အမြင်နဲ့ ပြောရင်မလုပ်သင့်ဘူးပေါ့ဗျာ။ တကယ်တန်းကျတော့ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။ ဒီအခမ်းအနားက နိုင်ငံအတွက် ဘာသာရေး က ဘာသာရေးပေါ့ဗျာ။ ဘာသာရေးလုပ်တာကိုလုပ်တဲ့ ဘာသာရေးကလည်း ရှင် ဥပဂုတ္တမျှောတယ်ပေါ့။ နောက်တစ်ခု ကြားတာက အမတော် မြနန်းနွယ်အဆောင်ပြောင်းတာပေါ့။ အဲဒါတွေက ထေရဝါဒနဲ့လည်း မညီညွတ်ပါဘူး။ ဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဥပဒေချုပ်လည်းကိုယ်တိုင် ပါဝင်နေတဲ့အတွက်ကြောင့် ဝမ်းနည်းတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ ဦးဆောင်သူလည်းဖြစ်၊ ဥပဒေရေးရာကျွမ်းကျင်သူလည်းဖြစ်သူ ဒေါက်တာဒေါ်ညိုညိုသင်းကမူ ရန်ကုန်တိုင်းအစိုးရ၏ လူစုလူဝေးဖြင့် ဆောင်ရွက်သော ဘာသာရေးအခမ်းအနားဆောင်ရွက်မှုသည် တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်ပြီး ကပ်ရောဂါကို ဖိတ်ခေါ်သလိုဖြစ်နေသည်ဟု ဝေဖန်ပြောဆိုသည်။

“ရန်ကုန်တိုင်း အစိုးရက ကျန်းမာရေး ဝန်းကြီးဌာနရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲနဲ့ ဒီလိုမျိုး မလိုအပ်တဲ့ လူစုလူဝေးလုပ်တာကို အန်တီတို့ကတော့ ကန့်ကွက်တယ်လေ။ ဒီကိစ္စ မလုပ်မဖြစ်တဲ့ ကိစ္စလည်းမဟုတ်ဘူးလေ။ ဒီလိုကိစ္စတွေလုပ်ခြင်းဟာ ပြည်သူလူထုကို တရားဥပဒေ စိုးမိုးရေး စိန်ခေါ်ရာရောက်တယ်၊ ပြည်သူလူထုကို မလိုလားအပ်ဘဲနဲ့ ရောဂါအန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်” ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးသော ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်ကို တိုင်းအစိုးရအနေဖြင့် ဖောက်ဖျက်ခြင်းကို သတိပေးသင့်သည်ဟု ၎င်းက ဆက်လက်သုံးသပ်သည်။

“အမိန့်ညွှန်ကြားချက်တွေကို ဆက်တိုက်ဆက်တိုက် ချိုးဖောက်နေတာက ဥပဒေရှုထောင့်ကကြည့်ရင် ဥပဒေစိုးမိုးရေးကို စိန်ခေါ်ရာရောက်တယ်။ ဒီဖြစ်ရပ်တွေကို တစ်ခါလည်းမဟုတ်ဘူး ဒီလိုဖြစ်ရပ်မျိုးကို အစိုးရက ထပ်ကာထပ်ကာ ကျူးလွန်နေတဲ့အတွက်ကြောင့်မလို့ အစိုးရကို သတိပေးသင့်ပြီ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ခေါ်ပြီးဆူတာလောက်တော့မလုပ်သင့်ဘူးတဲ့ ။ မှတ်လောက်သားလောက်အောင် ဆုံးမသင့်တယ်လို့အန်တီက တွေးတယ်” ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောဆိုသည်။

ပြည်ထောင်စုအစိုးရက ကိုဗစ်ရောဂါကာကွယ်တားဆီးရေး အတွက် မေလ ၃၁ ရက်နေ့အထိ လူစုလူဝေး မလုပ်ရန်၊ ဘာသာရေးအခမ်းအနားများ ကျင်းပခြင်းမပြုရန် အပါအဝင် အမိန့်ညွှန်ကြားချက်များ လိုက်နာရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်း တရားဝင် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-မေလ ၂၄ ရက်နေ့ ဗိုလ်တထောင်စေတီတွင် ရှင်ဥပဂုတ္တ ကိုယ်တော်မြတ်ကြီး ဖောင်တော် ရေချပူဇော်ပွဲကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ပူဇော်စဉ်။

Photo Credit – PMT Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts