Local News Peace political news

ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက် အသုံးစရိတ် ကျပ်သန်း နှစ်သိန်းနီးပါး တောင်းခံရာ လွှတ်တော်က ကျပ်သန်း ၁၀၆၀၀ စိစစ်ဖြတ်တောက်

ကာကွယ်ရေးဝန်ကြီးဌာနက ဖြည့်စွက် အသုံးစရိတ် ကျပ်သန်း နှစ်သိန်းနီးပါး တောင်းခံရာ လွှတ်တော်က ကျပ်သန်း ၁၀၆၀၀ စိစစ်ဖြတ်တောက်

ရန်ကုန်၊ မေ ၂၇

ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက် အသုံးစရိတ် တောင်းခံငွေ ဘတ်ဂျက် ကျပ်သန်းပေါင်း ၁၉၇၆၈၈ ဒသမ ၉၈၅ အနက်မှ လွှတ်တော်က ကျပ်သန်း ၁၀၆၀၀ ကို လျှော့ချ စိစစ်ဖြတ်တောက်လိုက်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနက ယခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက် အသုံးစရိတ် သာမန်အသုံးငွေ ၆၇၆၃၀ ဒသမ ၃၄၀ သန်း တောင်းခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ကျပ် ၆၅၀၀ သန်း စိစစ်ဖြတ်တောက် လျှော့ချလိုက်ကြောင်း၊ အလားတူ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း ၁၃၀၀၅၈ ဒသမ ၆၄၅ သန်း တောင်းခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ၄၁၀၀ သန်းတို့ကို စိစစ်ဖြတ်တောက် လျှော့ချလိုက်ရာ စုစုပေါင်း ကျပ်သန်း ၁၀၆၀၀ စိစစ်ဖြတ်တောက် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း၊ စိစစ်ဖြတ်တောက်ပြီး ဖြည့်စွက်တောင်းခံငွေ ကျပ်သန်းပေါင်း ၁၈၇၀၈၈ ဒသမ ၉၈၅ ကို ခွင့်ပြုပေးလိုက် ကြောင်း သိရှိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စိစစ်ဖြတ်တောက်လျှော့ချမှုကို သဘောတူကြောင်း ပြောဆိုပြီး ပြည်ထောင်စုလွှတ်တော်က ကာကွယ်ရေးဘတ်ဂျက် စိစစ်ဖြတ်တောက်မှုကို အတည်ပြုခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဦးအောင်မင်းက ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များကို ညှိနှိုင်း စိစစ်ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောဆိုသွားသည်။

“နံပါတ် ၁ စက်ဆီဓာတ်ဆီအသုံးစရိတ်များနဲ့ ခရီးစရိတ် ဖြည့်စွက် ခွင့်ပြုငွေမှာ တောင်းခံထားခြင်းမရှိတဲ့အတွက် စိစစ်ဖြတ်တောက်မှု မလုပ်ပါဘူး။ နံပါတ် ၂ ဖြည့်စွက်ခွင့်ပြုငွေ မှာပါတဲ့ အောက်ပါအသုံးစရိတ်လေးခုကိုသာလျှင် မူလ ယှဉ်တွဲပါအတိုင်း စိစစ်ဖြတ်တောက်ရန်ဆိုပြီး နောက်တစ်ခုကတော့ေ မြယာလျှော်ကြေးကတော့ နှစ်အတွင်းမှာ အမှန်တကယ်ပေးလျှော်ရမှာဖြစ်တဲ့အတွက် ဖြတ်တောက်ခြင်းမရှိဘဲ မူလအတိုင်း ထားရှိရန်ဆိုပြီး ကျနော်တို့ ဒါ အစည်းအဝေးမှာ ညှိနှိုင်းရရှိခဲ့ပါတယ်”ဟု ဦးအောင်မင်းက ပြောဆိုသည်။

မရမ်းကုန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ၊ NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ဒေါက်တာဒေါ်မေဝင်းမြင့် တင်ပြသော ကာကွယ်ရေးအသုံးစရိတ် ကျပ်သန်း ၂၂၇၀၀ ဖြတ်တောက်ရေး အဆိုကိုမူ ညှိနှိုင်းမှုဖြင့် ကျပ်သန်း ၆၀၀၀ စိစစ် ဖြတ်တောက်ရန် သဘောတူညီကြောင်း ဦးအောင်မင်းက ဆိုသည်။

“အမှုထမ်းပို့ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ ဖြည့်စွက်တောင်းခံငွေ ကျပ်သန်း ၂၁၉၉၅ ဒသမ ၆၂၂ သန်း မှာ ဒေါက်တာမေဝင်းမြင့်ရဲ့ အဆိုပြုချက်က သန်း ၁ သောင်းဖြစ်ပေမယ့် ညှိနှိုင်းရရှိချက်တော့ သန်း ၅၀၀၀ ပဲ ကျနော်တို့ စိစစ်လျှော့ချမှာဖြစ်ပါတယ်။ အလားတူ ပစ္စည်းပို့ဆောင်ရေးမှာလည်း ဖြည့်စွက်တောင်းခံငွေ ကျပ်သန်း၁၂၉၆ ဒသမ ၃၇၂ သန်းကနေ ပြီးတော့မှ ပြင်ဆင်အဆိုပြုချက် သန်း ၅၀၀ ဖြစ်သော်လည်း သန်း ၂၀၀ ကိုသာ ကျနော်တို့ စိစစ်လျှော့ချမှာဖြစ်ပါတယ်။ နောက် အဆောက်အအုံ ထိန်းသိမ်းစရိတ်မှာ အဆောက်အဦး ထိန်းသိမ်းရေး စရိတ် ကျပ် ၁၈၆၄ ဒသမ ၂၀၄ သန်းမှာ သန်း ၈၀၀ အဆိုပြုချက်အပေါ် သန်း ၅၀၀ စိစစ်လျှော့ချဖို့နဲ့ ပညာရှင်ငှားရမ်းခကိုမူလ အဆိုပြုချက်အတိုင်း ကျပ်သန်း ၃၀၀ စိစစ်လျှော့ချဖို့ ကျပ်သန်း ၆၀၀၀ စိစစ်လျှော့ချဖို့ ညှိနှိုင်းဆွေးနွေးပြီးတော့ သဘောတူညီချက်ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီ ပြင်ဆင်ချက်အဆိုပြုချက်မှာ စိစစ်ဖြတ်တောက်တဲ့ ကျပ်သန်းပေါင်း ၆၀၀၀ အပါအဝင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ မူလ စိစစ်ဖြတ်တောက်မှု ကျပ်သန်းပေါင်း ၄၆၀၀ နဲ့ ပေါင်းမယ်ဆိုရင် ကာကွယ်ရေးဝန်ကြီးဌာန ကို ကျနော်တို့ စိစစ်ဖြတ်တောက်တာက ကျပ်သန်းပေါင်း ၁၀၆၀၀ ဖြစ်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ကျပ် ၃၃၈၅ ဒသမ ၈၂ ဘီလီယံ တောင်းခံထားပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံခဲ့ကာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံခဲ့သဖြင့် နိုင်ငံတော်ဘတ်ဂျက်၏ ၁၁ ရာခိုင်နှုန်း ဝန်းကျင်နှစ်စဉ် တောင်းခံ သုံးစွဲနေခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၄ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား။ MOD

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts