Local News Peace political news

ကာကွယ်ရေးဘတ်ဂျက်ကျန်ငွေ ကျပ်သန်းထောင်ချီရှိပြီး ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၂၇၀၀ လျှော့ချရန်နှင့် စိစစ်သုံးရန် NLD အဆိုပြု

ကာကွယ်ရေးဘတ်ဂျက်ကျန်ငွေ ကျပ်သန်းထောင်ချီရှိပြီး ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၂၂၇၀၀ လျှော့ချရန်နှင့် စိစစ်သုံးရန် NLD အဆိုပြု

ရန်ကုန်၊ မေ ၂၂

ကာကွယ်ရေးဝန်ကြီးဌာနတွင် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုထားသော ငွေလုံးငွေရင်းအသုံးစရိတ်များရှိပြီး ယင်းအသုံးစရိတ်များအနက်မှ မသုံးစွဲဘဲ ကျန်ရှိနေသည့် ငွေကျပ် သန်းထောင်ချီရှိနေကာ ယင်းငွေများကို မည်သို့ စီမံထားသည်ကိုသိရှိလိုကြောင်း၊ ယခုဘဏ္ဍာနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံရာတွင် မူလလျာထားချက်ထက် အသုံးစရိတ်ပိုမိုတောင်းခံနေ၍ ကျပ်သန်း ၂၂၇၀၀ လျှော့ချရန် NLD မှ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က အဆိုပြုလိုက်သည်။

ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း အဆိုပြုလိုက်ခြင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်ကို လျှော့ချရန်လည်း ၎င်းက အဆိုပြုကာ အဆိုပါဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုနှင့် မူများကိုလည်း မေးခွန်းထုတ်လိုက်သည်။

“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး ဖြည့်စွက် ခွင့်ပြုငွေနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ပထမဦးစွာ မူသဘောအချက် ၂ ချက်ကို ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ ပထမအနေနဲ့ ခွင့်ပြုငွေ စာမျက်နှာ ၆ ရှိ ကာကွယ်ရေးဝန်ကြီးဌာန သာမန်အသုံးစရိတ်ငွေ လျာထားချက်ထက် ပိုမို တောင်းခံသည်နှင့်ပတ်သက်၍ ကျမသိရှိလိုသည်မှာ လျာထားချက် ထက် သုံးစွဲမည့် ငွေကို တင်သွင်းခွင့် ရှိ၊ မရှိ သိလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနက ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုကို လာမည့် ဘဏ္ဍာရေးနှစ် မူလခန့်မှန်းချက် ခန့်မှန်းခြေ ငွေစာရင်းတွင် ဆောင်ရွက်နိုင်သည်များကို BE မှ သာ တောင်းခံရန်၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှသာ သုံးစွဲနိုင်မည်ဖြစ်ပြီး အချိန် ကာလ ၄ လအတွင်း အမှန်တကယ်သုံးစွဲနိုင်မည့် ကိစ္စများ ဆောင်ရွက်နေဆဲ စီမံကိန်းများနှင့် ဦးစားပေးလိုသောကိစ္စရပ်များအတွက်သာ ဦးစားပေး တောင်းခံရန် ဌာန အဖွဲ့အစည်းသို့ မစိစစ်ခင်ကပင် ပို့ထားတာကို သိရပါတယ်။ ဒုတိယအချက်အနေနဲ့ တပ်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အခွန်အကောက်ရငွေများဖြင့်သာ အသုံးစရိတ်ကျခံ သုံးစွဲကြပါတယ်။ သို့သော် ယခုနှစ် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံသည့် စာရင်းချုပ်တွင် တပ်မြို့စည်ပင်သာယာရေး အဖွဲ့များအတွက် ထပ်မံလိုအပ်ငွေ ကျပ်သန်းပေါင်း ၈၂ ဒသမ ၇၀ ကို တောင်းခံထားတာတွေ့ရပါတယ်။ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း စာမျက်နှာ ၃၁ အပိုဒ် ၂၉ က တွင် ပြည်ထောင်စုအစိုးရအဖွဲ့သည် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့များ၏ ဇယား ၁၁ နှင့် ဇယား ၁၂ တို့တွင် ဖော်ပြထားသော ငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ထိုပုဒ်မပါ ကိစ္စများကို ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို တာဝန် လွှဲအပ်ပေးနိုင်သည်ဟု ဖော်ပြထားတာကို တွေ့ရပါတယ်။ ထို့အတူ စာမျက်နှာ ၆၂ မှာ တပ်မြို့စည်ပင်သာယားရေးအဖွဲ့များအား တာဝန်ယူသူအဖြစ် နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးသူ ဟူ၍ ဖော်ပြထားတာကို တွေ့ရပါတယ်။ ကျမအနေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ပူးပေါင်းအဖွဲ့နဲ့ နှစ်စဉ် ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်ခဲ့ရာ ယခုနှစ်ကဲ့သို့ ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မတွေ့ရှိရပါ။ တပ်မြို့စည်ပင်သာယာရေးအဖွဲ့၏ အသုံးစရိတ်ကို မည်သူက မည်သည့်ဝန်ကြီးဌာနက တာဝန်ခံမည်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာဒေါ်မေဝင်းမြင့် က မေးခွန်းထုတ်သည်။

ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များသည် များပြားလွန်းသည့်အတွက် ငွေကျပ်သန်းပေါင်း ၂၂၇၀၀ လျှော့ချရန် ၎င်းက ထောက်ပြ ပြောဆိုသွားသည်။

“သာမန်အသုံးစရိတ် စာမျက်နှာ ၃၄ စစ်ထောက်ချုပ်ရုံး ဓာတ်ဆီ၊ စက်ဆီ တောင်းခံလွှာသည် အရမ်းများနေသည့်အတွက် ယခုအခါ ဓာတ်ဆီ ဈေးကလည်း ကျဆင်းနေသည့်အတွက် ဓာတ်ဆီ တောင်းခံသည့်ငွေမှ သန်းပေါင်း ၁၀၀၀၀ တိတိလျှော့ချ လျှော့ချခွင့်ပြုပါရန် အဆိုတင်သွင်းအပ်ပါတယ်။ စာမျက်နှာ ၃၅ စဉ် ၂ အမှုထမ်း ပို့ဆောင်ရေး ကျန် ၇ လအတွက် တောင်းခံထားသည်မှာ မူလလျာထားချက်ထက် ၂၁၉၉၅ ဒသမ ၆၂၂ သန်း ပိုမိုတောင်းခံထားသည်ကိုတွေ့ရသည့်အတွက် အဆိုပါအသုံးစရိတ်ထဲမှ ကျပ်သန်းပေါင်း တစ် သောင်းတိတိလျှော့ချခွင့်ပြုသင့်ပါကြောင်း အဆိုတင်သွင်းအပ်ပါတယ် /စာမျက်နှာ ၃၅ စဉ် ၂၁ ပစ္စည်းပို့ဆောင်ရေး ကျန် ၇ လအတွက် တောင်းခံသည်မှာ မူလလျာထားချက် ၁၂၉၆ ဒသမ ၃၇၂ သန်း ပိုမိုတောင်းခံသည်ကို တွေ့ရတဲ့အတွက် အဆိုပါ စရိတ်ထဲမှ ကျပ်သန်း ၅၀၀ လျှော့ချခွင့်ပြုရန် အဆိုတင်သွင်းအပ်ပါတယ်။ စာမျက်နှာ ၃၅ စဉ် ၂၆ ခရီးစရိတ်နှင့် နေ့တွက် စရိတ်တွင် ယခုကာလက ကိုဗစ်ကာလအတွက် ခရီးသွားလာခြင်းမရှိနိုင်သည့်အတွက် အဆိုပါတောင်းခံသည့် စရိတ်ထဲမှ ကျပ်သန်း ၁၀၀ လျှော့ချသင့်ကြောင်း အဆိုတင်သွင်းအပ်ပါတယ်။ စာမျက်နှာ ၃၅ စဉ် ၂၇ အဆောက်အဦး ထိန်းသိမ်းရေး စရိတ်များတွင် မူလလျာထားချက်ထက် ၁၈၆၄ ဒသမ ၂၀၄ သန်းပိုမို တောင်းခံထားတဲ့အတွက် ထိုငွေထဲမှ ကျပ်သန်း ၈၀၀ လျှော့ချခွင့်ပြုသင့်ကြောင်း အဆိုတင်သွင်းအပ်ပါတယ်။ ပညာရှင်ငှားရမ်းခကိုလည်း ကျပ်သန်း ၃၀၀ လျှော့ချသင့်ကြောင်း အဆိုတင်သွင်းအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ငွေလုံးငွေရင်း အသုံးစရိတ်တွင်လည်း ပိုငွေ ကျပ်သန်းထောင်ချီ ရှိနေပြီး ယင်းငွေများကို မည်သို့ စီမံနေသနည်းဆိုသည်ကို သိရှိလိုကြောင်း ၎င်းက မေးခွန်းထုတ်သည်။

“ကာကွယ်ရေး ငွေလုံးငွေရင်း အခြားကဏ္ဍကို ဆွေးနွေးပါ့မယ်။ ကျမတို့အနေနဲ့ ၂၀၁၆-၂၀၁၇ မှာ သန်း ၁၀၀၀ ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ မှာ သန်းပေါင်း ၁၀၀၀ ခွင့်ပြုခဲ့တယ်။ ၂၀၁၈ Mini မှာ ကျပ်သန်း ၄၀၀ ခွင့်ပြုခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ မှာ ကျပ် သန်း ၉၀၀ ခွင့်ပြုခဲ့တဲ့အတွက် ခွင့်ပြုငွေမှာ ၃၃၀၀ ကျပ်သန်းပေါင်း ရှိပါတယ်။ ဒါပေမယ့် တကယ် သုံးတာက ၁၆၁၉ ဒသမ ၉၉၇ သာရှိတဲ့အတွက် လက်ကျန်ငွေ အများကြီးကျန်နေပါသေးတယ်။ ဒီနှစ်မှာ ကျပ်သန်းပေါင်း ၇၀၀ ခွင့်ပြုထားတဲ့အထဲမှ တကယ်သုံးစွဲခဲ့တာက ၄၂ ဒသမ ၁၆၀ ပဲရှိတဲ့အတွက် လက်ကျန်ငွေက သန်းပေါင်း ၆၅၇ ဒသမ ၈၄၀ ရှိတဲ့အတွက် အခုထပ်တောင်းတဲ့ ၂၁၄၉ ဒသမ ၁၈၇၀၀ ကျပ်သန်းပေါင်း ၁၀၀၀ လျှော့ချသင့်တယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျမအနေနဲ့ ပိုငွေများကို ဘယ်လိုစီမံထားလဲသိချင်ပါတယ်။ ကျမအနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ထဲမှ ကျပ်သန်းပေါင်း ၂၂၇၀၀ ကို လျှော့ချသင့်ကြောင့် အဆိုတင်သွင်းအပ်ပါတယ်” ဟု ၎င်းက မေးခွန်းထုတ်သွားသည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် ကျပ် ၃၃၈၅ ဒသမ ၈၂ ဘီလီယံ တောင်းခံထားပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ကျပ် ဘီလီယံ ၂၉၀၀ ကျော် တောင်းခံခဲ့ကာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ဘီလီယံ ၃၂၀၀ ကျော် တောင်းခံခဲ့သဖြင့် နိုင်ငံတော်ဘတ်ဂျက်၏ ၁၁ ရာခိုင်နှုန်း ဝန်းကျင်နှစ်စဉ် တောင်းခံ သုံးစွဲနေခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts