Local News Peace political news

Covid-19 အရေးပေါ် ကာလအတွင်း ရခိုင်ပြည်နယ်နှင့် ပလက်ဝတွင် တပ်မတော်နှင့်AA တိုက်ပွဲများရပ်ရန်နှင့် အင်တာနက်ပြန်ဖွင့်ရန် အရပ်ဘက်အဖွဲ့ ၅၄ခု တောင်းဆို

Covid-19 အရေးပေါ် ကာလအတွင်း ရခိုင်ပြည်နယ်နှင့် ပလက်ဝတွင် တပ်မတော်နှင့်AA တိုက်ပွဲများရပ်ရန်နှင့် အင်တာနက်ပြန်ဖွင့်ရန် အရပ်ဘက်အဖွဲ့ ၅၄ခု တောင်းဆို

ရန်ကုန်၊ မတ် ၂၆

ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် Covid 19 အရေးပေါ်ကာအတွင်း တိုက်ပွဲဖြစ်ပွားမှုများ နှင့် အင်တာနက်လိုင်းဖြတ်တောက်မှုများ မပြုလုပ်ရန် ပြည်သူလူထုသည် ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီသိရှိရန် လုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်း ၅၄ဖွဲ့က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“ ကိုဗစ်ကဖြစ်နေတယ်။ ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်မှာဆိုရင် စစ်ပွဲတွေကလည်း အားလုံးသိတဲ့အတိုင်းပဲ တောက်လျောက်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီပေါ်ကိုစိုးရိမ်ပြီးတော့ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေ အားလုံးစုပေါင်းပြီးတော့ တောင်းဆိုချက်ထုတ်လိုက်တာပါ။ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အကုန်လုံးကိုလည်း တောင်းဆိုထားတာပါ ” ဟု Yangon Youth Network မှ မခင်နွေးနွေးလှိုင်ကပြောဆိုသည်။

အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများအားလုံး ခြွင်းချက်မရှိ ချက်ချင်းရပ်တန့်ရန်၊ Covid 19 ကာကွယ်တားဆီးရေးနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအတွက် အစိုးရ ကျန်းမာရေးဌာနများ ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးအစီအစဉ်များ၊ အရပ်ဘက် အဖွဲ့အစည်းများ ပြည်သူများအား ပံ့ပိုးကူညီရန်နှင့် ပူးပေါင်းဆောင်ရန်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

“ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် IDP တွေမှာ လူတွေအများကြီးစုနေရတာတွေလည်း ရှိတယ်။ ရွာလုံးကျွတ်ပြောင်းပြီးပြေးနေရတာတွေလည်းရှိတယ်။ သူတို့တွေနေထိုင်ရတဲ့ဟာက အခုရောဂါကူးစက်မှု အတိုင်းအတာနဲ့ဆိုရင် အများကြီးပဲ စိုးရိမ်ရတဲ့အခြေအနေရှိတယ်။ ပြီးတော့ သတင်းပြန့်မှု အပိုင်းဆိုရင်လည်း အကုန်လုံးက Facebook တို့ Online မီဒီယာတွေကို အများကြီးအားထားနေရတဲ့ အခြေအနေရှိတယ်။ အဲအခြေအနေမှာ အင်တာနက်ကိ ဖြတ်တောက်ထားတယ်ဆိုရင် သူတို့အနေနဲ့ ကျန်းမာရေးဗဟုသုတ တခြားသိသင့်သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို သူတို့အနေနဲ့ သိဖို့အရမ်းခက်ခဲသွားလိမ့်မယ်။ ခက်သွားပြီဆိုရင် ဗိုင်းရပ်စ်ကလည်း ဖြစ်သွားပြီဆိုရင် ထိန်းချုပ်လို့မရတော့ဘူးဆိုရင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေလည်း အများကြီးပဲဖြစ်နိုင်တယ်။ တောင်းဆိုချက်တွေထဲမှာ အဲဒီအချက်တွေလည်းပါတယ်” ဟု မခင်နွေးနွေးလှိုင်ကပြောဆိုသည်။

နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် Covid 19 ကာကွယ်တားဆီးရေးဆောင်ရွက်ရာတွင် လူသားတိုင်း၏ ဂုဏ်သိက္ခာနှင့် ရပိုင်ခွင့်များကို နိုင်ငံတကာ ဥပဒေများ လမ်းညွှန်ချက်များနှင့် အညီလေးစားလိုက်နာရန်၊ Covid 19 ကာကွယ်တားဆီးရေး အပါအဝင် ကျန်းမာရေးကဏ္ဍအတွက် အရေးပေါ် ရန်ပုံငွေ အလုံအလောက် သုံးစွဲအကောင်အထည် ဖော်ရန်၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိမြို့နယ် ၉ခုတွင် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ထားခြင်း အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် စစ်ဘေးဒဏ်ခံစားနေရသော စစ်ဘေးရှောင် ပြည်သူများ အကျဉ်းထောင်များအတွင်းရှိ အကျဉ်းသားများအတွက် လိုအပ်သောအကူအညီများ အမြန်ဆုံးပေးပို့နိုင်ရေးနှင့် Covid 19 ကာကွယ်တားဆီးရေး ရပ်ရွာအခြေပြု ပညာပေးလုပ်ငန်းများ အားအရေးပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ စစ်ဘေးဒဏ်ခံနေရသော ပြည်သူများထံ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများ နိုင်ငံတံကာအဖွဲ့အစည်းများ သတင်းမီဒီယာ လွတ်လပ်စွာ သွားရောက် အကူအညီပေးနိုင်ရေး သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များတောင်းဆိုထားသည်။

Photo Credit- Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com