All News Local News Peace

AA၏ ပလက်၀ ဖြတ်တောက်ထိန်းချုပ်ရေး ရည်မှန်းချက်ကို ပိတ်ဆို့ထားသော မီးဝစခန်း ပြန်လည် ရရှိခြင်းဖြင့် ရိုက်ချိုးဟု တပ်မတော် ထုတ်ပြန်

AA၏ ပလက်၀ ဖြတ်တောက်ထိန်းချုပ်ရေး ရည်မှန်းချက်ကို ပိတ်ဆို့ထားသော မီးဝစခန်း ပြန်လည် ရရှိခြင်းဖြင့် ရိုက်ချိုးဟု တပ်မတော် ထုတ်ပြန်

ရန်ကုန်၊ မတ် ၂၀

ချင်းပြည်နယ်၊ ပလက်ဝဒေသတွင် စစ်ရေးအရ အချက်အချာကျသည့် မီးဝစခန်းကို AAကအင်အားအလုံး အရင်းဖြင့် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ ပိတ်ဆို့တိုက်ခိုက်မှုက တပ်မတော်က ထိုးဖောက် ပြန်လည်ရယူခြင်းဖြင့် AA၏ပလက်ဝဒေသ ဖြတ်တောက်ထိန်းချုပ်ရေး ရည်မှန်းချက်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

AA က မီးဝစခန်းအား ရေ/ ရိက္ခာ/ ခဲယမ်းများ၊ စစ်ကူများ မလာ နိုင်အောင် စခန်းပတ်လည်၌ ကျင်းများတူး၍ ထိန်းချုပ်ခြင်း၊ အစာရေစာ ပြတ်တောက်အောင် လမ်းကြောင်းများအား မိုင်းထောင်ပိတ်ဆို့ခြင်းများ ဆောင်ရွက်ထားသည့်အတွက် တပ်မတော်စစ် ကြောင်းများထံသို့ လေကြောင်းဖြင့် ရိက္ခာပို့ဆောင်မှုအား တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များ အစောင့်လိုက်ပါ၍ ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ လေကြောင်းအရန် ပစ်ကူတိုက်ခိုက်ရေး ရဟတ်ယာဉ်များ လိုက်ပါ၍ လုံခြုံရေးဆောင်ရွက်နေသည့်ကြားမှပင် AAက လေယာဉ်ပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် မိမိရဟတ်ယာဉ်များ ၁၀ ကြိမ်ခန့် ကျည် ထိမှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပိတ်ဆို့ခံနေရသည့် မီးဝစခန်းသို့ အမြန်ဆုံးစစ်ကူ ရောက်ရှိနိုင်ရေးအတွက် စစ်ကူလှုပ်ရှား စစ်ကြောင်းတစ်ခုအား ရဟတ်ယာဉ် လုံခြုံရေးမရှိသော်လည်း အလစ်အငိုက်ရယူ၍ စခန်းနှင့်အနီးဆုံး ရဟတ်ယာဉ်ဆင်းသက်နိုင်သည့် မီတာ ၃၀၀၀ ခန့်အကွာရှိ နေရာများသို့ ရဟတ်ယာဉ်များဖြင့် ဆင်းသက်စစ်ကူပေးနိုင်ရေး ဆောင်ရွက် ခြင်းအား မတ်လ ၄ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ကူစစ်ကြောင်း အနေဖြင့် စစ်ကူအချိန်မီပေးနိုင်ရေးအတွက် စစ်ဗျူဟာအရေးကြီး နေရာများသို့ အဆင့်ဆင့် ခြေကုပ်ယူ ချီတက်ခဲ့ရာ မတ်လ ၅ ရက်မှ ၁၀ ရက်နေ့အထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကူစစ်ကြောင်းများသည် မြေအနေအထားအရ ကောင်းမွန်မှု မရှိခြင်းနှင့် AA၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုများခံနေရသဖြင့် အထက်ဌာနမှ စစ်ကူစစ်ကြောင်းအား မြေအနေ အထားကောင်းမွန် အသာစီးရမည့်နေရာသို့ ပြောင်းရွှေ့စေခဲ့ရာ စစ်ကူစစ်ကြောင်းများက အထက်ဌာန၏ အမိန့်အတိုင်း ယာယီခြေကုပ် နေရာသို့ ဖြန့်ခွဲချီတက်စဉ် AAတို့က သာလွန် အင်အားဖြင့် ထပ်မံတိုက်ခိုက်လာခြင်းနှင့် ညအမှောင်ထုကြောင့် လူစုကွဲပြီး အရာရှိ၊ စစ်သည်အချို့ ဆက်သွယ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှီရသည်။

ယင်းနောက်လူစုကွဲရာမှ တပ်စခန်းအသီးသီးသို့ ပြန်လည် ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား ပြန်လည်စိစစ်ချက်အရ ၎င်းတိုက်ပွဲဖြစ်စဉ် ကာလအတွင်း အထက်ဌာနများသို့ တောင်းခံ သည့် လေကြောင်းပစ်ကူ၊ မြေပြင် ပစ်ကူတို့အား တိကျစွာပေးနိုင်ခဲ့သော်လည်း မြေပြင်အနေ အထား ကန့်သတ်ချက်ကြောင့် စစ်ကူစစ်ကြောင်း၏ စစ်နည်းဗျူဟာ အရေးသာမှုအားနည်းခြင်း၊ ညအချိန် အားနည်းချက်အဖြစ် AA၏ နှစ်ဖက်ညှပ်တိုက်ခိုက်မှုတို့ကြောင့် လူစုများကွဲ သွားရကြောင်း သိရှိရသည်။

မတ်လ ၈ ရက်နေ့တွင် မီးဝစခန်းအား ထပ်မံ၍ အမြန်ဆုံး စစ်ကူပေးနိုင်ရေး၊ လှုပ်ရှားစစ်ကြောင်းတစ်ခုအား ရဟတ်ယာဉ်ဖြင့် ထပ်မံပို့ဆောင်ခဲ့ရာ ၎င်းစစ်ကူစစ်ကြောင်းကိုလည်း မီးဝစခန်း သိမ်းပိုက်ရန် ထပ်မံ အင်အားဖြည့်တင်းထားသည့် AA က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခြင်းအပါအဝင် စစ်ကြောင်းတစ်ခုလုံး အပြီးတိုင် ထပ်မံလူစုကွဲစေရေး အပြင်းအထန် ကြိုးပမ်းသော်လည်း အဆိုပါ စစ်ကြောင်းအနေဖြင့် ယာယီခြေကုပ်နေရာ တစ်ခုအား အခိုင်အမာရရှိလျက် ခုခံနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ အခြေအနေတွင် ကျောက်တော်-ပလက်၀ ကားလမ်းမှတဆင့် မြေပြင်မှဟန်ချက်ညီ စစ်ကူပေးနိုင်ရေးအတွက် မတ်လ ၅ ရက်နေ့တွင် ကျောက်တော်မြို့ လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသုံးကြောင်းကိုလည်း မီးဝစခန်းအား စစ်ကူလာရန် ချီတက်ရှင်းလင်းစဉ် တင်းမ ကျေးရွာအတွင်းနှင့် အနီး ပတ်ဝန်းကျင်နေရာများမှ AA က သာလွန်အင်အားဖြင့် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် စစ်ကူစစ်ကြောင်းများ ရပ်တန့်နေခဲ့ရကြောင်း သိရှိရသည်။

ထို့ကြောင့် မင်းပြား-ကျောက်တော်ဒေသ၌ အခြေခံပညာ အထက်တန်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အပြင်စည်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများအား မတ်လ ၁၁ ရက်တွင် မီးဝစခန်းသို့ မော်တော်ယာဉ်ဖြင့် စစ်ကူပေးနိုင်ရေး ချီတက်စေခဲ့ကြောင်း သိရှိရသည်။

အလားတူ မင်းပြား-ရာမောင်တံတားအနီး လေ့ကျင့်ရန်စုဖွဲ့နေသည့် တပ်ရင်းများအား ထပ်ဖြည့်တပ်များအဖြစ် မီးဝစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်စေခဲ့ရာ မင်းပြား- မြောက်ဦး- ကျောက်တော် လမ်းကြောင်းပေါ်ရှိ ပေါင်းတုတ်ကျေးရွာ၊ တိမ်ညိုကျေးရွာ၊ တောင်ဦး ကျေးရွာနှင့် သာစည်ကျေးရွာများအနီးသို့ အရောက်၌ AA က ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ မော်တော်ယာဉ်များ မသွားနိုင်အောင် လက်လုပ်သုံးမြှောင့် သံချွန်များဖြင့် လမ်းအပြည့် ဖြန့်ခင်းထားခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

၎င်းစစ်ကူတပ်များသည် ကျောက်တော် – ပလက်၀ ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများအား အမှီပြု၍ အဆင့်ဆင့် ခံစစ်ဆင် ထားသော တစ်ဟုန်ထိုး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၁၁ ရက်တွင် တင်းမကျေးရွာ၊ မတ်လ ၁၃ ရက်တွင် ပြိုင်းတိုင်းကျေးရွာနှင့် အနီးတစ်ဝိုက်၊ မတ်လ ၁၄ ရက်တွင် မုန့်သန်းပြင် ကျေးရွာနှင့် အနီးတစ်ဝိုက်တို့အား အသီးသီးထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့ပြီး ရဟတ်ယာဉ်များဖြင့် စစ်ကူဆောင်ရွက်ကာ ဝိုင်းပတ် ပိတ်ဆို့ခံနေသည့် စစ်ကူတပ်ရင်းအား ၄ ရက်အတွင်း မြေပြင်၌ တပ်ချင်း ပေါင်းမိခဲ့ကာ AA ကို တိုက်ထုတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

တပ်မတော်က ကျေးရွာများသို့ အကြောင်းမဲ့ပစ်ခတ်သည်၊ သေဆုံးထိခိုက်ဒဏ်ရာရရှိသော AA အဖွဲ့ဝင်များနှင့် အမာခံများ ကိုလည်း အရပ်သားများ သေဆုံးထိခိုက်ဒဏ်ရာရသည် ဟူသော သတင်းမှားများ ထုတ်လွှင့်ခြင်းဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် ဖန်တီးလျက်ရှိကြောင်း၊အထက်ပါဖြစ်စဉ် များတွင် မိမိအရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ကာ AA ဘက်မှ လည်း သေဆုံး/ဒဏ်ရာ ရရှိမှုများရှိခဲ့သည့်အပြင် ကျေးရွာအချို့ မီးလောင်ခြင်း၊ ရွာသူ၊ ရွာသားများ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထိုသို့ AA က မီးဝစခန်းအား စစ်ကူ၊ စစ်ကြောင်းများ မရောက်နိုင်အောင် အဆင့်ဆင့် ပိတ်ဆို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်း များ၏ ရွပ်ရွပ်ချွံချွံ ချီတက်ထိုးဖောက် တိုက်ခိုက်မှုများကြောင့် လူစုကွဲနေသည့် မိမိစစ်သည်များအား အမြန်ဆုံး ပြန်လည် ကယ်တင်နိုင်ရေး တပ်မတော်စစ်ကြောင်းများက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အရာရှိ၊ စစ်သည် ၁၃ ဦးအား ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အရာရှိ၊ စစ်သည်အချို့ပျောက်ဆုံး လျက်ရှိပြီး ပြန်လည် ကယ်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

AA က ရက်ပေါင်း ၄၀ ကျော်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားသည့် မီးဝစခန်းအား မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရိက္ခာ/ခဲယမ်းများနှင့် စစ်ကူများ ထိုးဖောက်ရောက်ရှိခဲ့ပြီး စခန်းကုန်းပတ်လည်ရှိ AA ကို တိုက်ခိုက်နိုင်ခဲ့သည့် အတွက် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သည့် ပလက်ဝဒေသအား ဖြတ်တောက်ပိတ်ဆို့ရေး အစီအစဉ်ကို တပ်မတော်မှ ရိုက်ချိုးနိုင်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မတော်၏ သတင်းထုတ်ပြန်မှုနှင့်ပတ်သက်ပြီး AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းလျက်ရှိသည်။

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts