Local News Peace political news

အောင်သပြေကျေးရွာ ခေါင်းဆောင် ဦးရွှေအုန်း သေနတ်ဒဏ်ရာရရှိပြီးနောက် ရွာသားနှစ်ဆယ်ကျော်နှင့်အတူ အချိန်မတော် ဝင်ရောက်စီးနင်းအဖမ်းခံရ

အောင်သပြေကျေးရွာ ခေါင်းဆောင် ဦးရွှေအုန်း သေနတ်ဒဏ်ရာရရှိပြီးနောက် ရွာသားနှစ်ဆယ်ကျော်နှင့်အတူ အချိန်မတော် ဝင်ရောက်စီးနင်းအဖမ်းခံရ

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး Alpha ဘိလပ်မြေစက်ရုံစီမံကိန်းတည်ရှိသည့် အောင်သပြေကျေးရွာရှိ ကျေးရွာခေါင်းဆောင် ဦးရွှေအုန်းအပါအဝင် ရွာသားနှစ်ဆယ်ကျော်ခန့်ကို ယနေ့နံနက် ၅နာရီခန့်တွင် ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြစ် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆရာတော်ဥူးဝိမလကပြောဆိုသည်။

ဆရာတော် ဥူးဝိမလသည် အောင်သပြေကျေးရွာမှ မန္တလေးအကျဉ်းထောင်အတွင်းသေဆုံးခဲ့သော ကိုထွန်းမြင့်ဝင်း၏ ညီအကိုတော်စပ်သူဖြစ်ပြီး ကျေးရွာသို့ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် သွားရောက်စုံစမ်းနေကြောင်း ဆရာတော်ကပြောဆိုသည်။

“ ဒီနေ့နံနက်ပိုင်း အစောကြီးကို ရွာကိုရဲအင်အား ၁ဝဝကျော်နဲ့ဝင်လာတယ်တဲ့ ရွာကိုဝိုင်းတဲ့ ပုံစံမျိုးနဲ့ ဝင်လာတယ်တဲ့ သူတို့ပစ်ခတ်ပြီးတော့ အားလုံးကိုကားပေါ်ဆွဲတင်သွားတယ်တဲ့ ဦးရွှေအုန်းအိမ်မှာရှိနေတဲ့သူတွေကော ဦးတင်လင်းတို့အိမ်မှာရှိနေတဲ့သူတွေကော အကုန်လုံးပါသွားတယ်လို့ ဘုန်းကြီးသိရတယ်” ဟု ဆရာတော် ဥူးဝိမလကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ဦးရွှေအုန်း၊ ဦးရွှေအုန်းမိသားစုဝင်များ၊ ကိုတူးဝေယံ(ဦးရွှေအုန်းသား)၊ ကိုဒိုးလုံး(ဦးရွှေအုန်းသားမက်)၊ မငြိမ်းဌေး(ဦးရွှေအုန်းသမီး)၊ မရင်အေး(ဦးရွှေအုန်းသမီး)၊ အသက် ၁ဝနှစ်အောက် ကလေး၅ဦး၊ ကိုတင်လင်းမိသားစုဝင်များ၊ ဦးတင်လင်း၊ ဦးတင်လင်းဇနီး တို့ဖြစ်ကြောင်း ဆရာတော်ပြောဆိုချက်အရသိရသည်။

ထိုဖမ်းဆီးခံရသူ အများစုသည် ၂ဝ၁၉ခုနှစ်အတွင်းကဖြစ်ပွားခဲ့သော ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေးကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာသူ ကျေးရွာသားများနှင့် စက်ရုံအကြား ပဋိပက္ခဖြစ်ပွားဖြစ်စဉ်ကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူများဖြစ်သည်။

မတ်လ ၂၄ရက်နေ့ ည၉နာရီ ၁၅မိနစ်ကလည်း အမည်မသိလူတစ်စုက ရာဘာသေနတ်ဖြင့် နေအိမ်တွင်ရှိနေစဉ် ဦးရွှေအုန်းအား လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ညာဖက်ခြေတောက်တွင် သေနတ်ဒဏ်ရာ ၅ချက်၊ ဘယ်ဖက်ခြေတောက်တွင် သေနတ်ဒဏ်ရာ ၁ချက်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောင်သပြေကျေးရွာသား ၅ဦးဖြစ်သည့် ကိုနိုင်ထွန်းလင်း၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုမိုးလင်းနှင့် ကျော်ဇေယျတို့ကို ပြီးခဲ့သည့် မတ်လ ၂ဝရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်တရားရုံးက ပုဒ်မ ၄၃၆/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်နှင့် ပုဒ်မ ၄၄၀/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၂နှစ် စုစုပေါင်းထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအတွင်းရှိ Alpha ဘိလပ်မြေစက်ရုံတွင် ၂ဝ၁၉ခုနှစ်အတွင်းကဖြစ်ပွားခဲ့သော ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေးကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာသူ ကျေးရွာသားများနှင့် စက်ရုံအကြား ပဋိပက္ခဖြစ်ပွားရာမှ ရွာသူရွာသားအမြောက်အများဖမ်းဆီးခံခဲ့ရပြီး တစ်ရွာလုံးနီးပါးဖမ်းဝရမ်းထုတ်ခံံခဲ့ရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts