All News Local News

အောင်သပြေကျေးရွာခေါင်းဆောင်ဦးရွှေအုန်း သေနတ်ပစ်ခံရ

အောင်သပြေကျေးရွာခေါင်းဆောင်ဦးရွှေအုန်း သေနတ်ပစ်ခံရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရန်ကုန်၊ မတ် ၂၅

မန္တလေးတိုင်း Alpha ဘိလပ်မြေစက်ရုံစီမံကိန်းတည်ရှိသည့် အောင်သပြေကျေးရွာရှိ ကျေးရွာခေါင်းဆောင် ဦးရွှေအုန်းသည် နေအိမ်တွင် ရှိနေစဉ် ယနေ့ည ၉နာရီ ၁၅မိနစ်တွင် လူတစ်စုက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဦးရွှေအုန်းကပြောဆိုသည်။

“ အခုကျွန်တော့်ကို ပစ်သွားတယ် ညာဘက်က ၅ချက်ထိသွားတယ်။ ဘယ်ဘက်ကို တစ်ချက်ဗျ။ သူတို့က ဆိုင်ကယ် ၅စီး ၆စီးနဲ့ ဒီကုမ္ပဏီထဲက လူတွေဗျ။ ရဲမဟုတ်ဘူး။ အရပ်ဝတ်တွေ ဝတ်ထားတယ်။ Alpha ဘိလပ်မြေစက်ရုံစီမံကိန်းက တရုတ်ပါတယ်ဗျ။ သရက်ကိုင်းက ရာအိမ်မှူး ကိုစန်းဦးဆိုတဲ့သူပါတယ်။ ကုမ္ပဏီစောင့်တဲ့ ဝန်ထမ်းရဲပေါ့။ သူတို့ပစ်သွားတာ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားသွားမည်မဟုတ်ကြောင်း၊ ၎င်းတို့ ပစ်ခတ်သွားသည့် ကျည်ခွံများလည်းရရှိထားပြီး အောင်သပြေပြည်သူများ၏ လက်ရှိဖြစ်ပျက်နေသည့် အမှန်တရားကို ပြည်သူများနှင့် နိုင်ငံတကာကသိရှိအောင် ဖော်ထုတ်သွားမည်ဟု ဦးရွှေအုန်းကပြောဆိုသည်။

“ကျွန်တော်တို့ ရဲကိုအကြောင်းမကြားဘူး။ ရဲကလည်း ကျွန်တော်တို့ဘက်မလိုက်ဘူး။ အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ဖက်မလိုက်ဘူး။ ရဲအကြောင်းကြားလည်း ကျွန်တော်တို့ အကြောင်းကြားတာလည်း ကျွန်တော်တို့ကို ဖမ်းမှာပဲ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ကို အမှုဆင်ထားတဲ့အတွက် ကျွန်တော်တို့မှာ အကာအကွယ်မဲ့နေပါတယ်။ သူတို့က ဘာမှမပြောဘူး အိမ်ပေါ်ကနေဆင်းဆင်းခြင်း လမ်းကနေ ပစ်သွားတာ ကျွန်တော်တို့က ပြန်ပြီးတော့ ပုလင်းတွေနဲ့ ပြန်ပေါက်တယ်ဗျ။ ကျွန်တော်တို့က ကျွန်တော်တို့တွေ ဒီလိုဆက်ဆံခံနေရတယ်ဆိုတာ ကို နိုင်ငံတကာကိုကော မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေသိအောင် အလုပ်ဆောင်သွားမယ်။ သူတို့ပစ်လိုက်တဲ့ ကျည်ခွံတွေလည်းရလိုက်တယ်။ သူတို့ပြေးလို့ ဆိုင်ကယ်၃စီးရလိုက်တယ်။ ကျွန်တော်ထင်တာကတော့ ရာဘာကျည်နဲ့ ပစ်တယ်လို့ ထင်တယ် ” ဟု ၎င်းကပြောဆိုသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအတွင်းရှိ Alpha ဘိလပ်မြေစက်ရုံတွင် ၂ဝ၁၉ခုနှစ်အတွင်းကဖြစ်ပွားခဲ့သော ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေးကိစ္စနှင့် ကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာသူ ကျေးရွာသားများနှင့် စက်ရုံအကြား ပဋိပက္ခဖြစ်ပွားရာမှ ရွာသူရွာသားအမြောက်အများဖမ်းဆီးခံခဲ့ရပြီး တစ်ရွာလုံးနီးပါးဖမ်းဝရမ်းထုတ်ခံံခဲ့ရခြင်းဖြစ်သည်။

အောင်သပြေကျေးရွာသား ၅ဦးဖြစ်သည့် ကိုနိုင်ထွန်းလင်း၊ ကိုမင်းသိန်း၊ ကိုဖိုးမာ၊ ကိုမိုးလင်းနှင့် ကျော်ဇေယျတို့ကို ပြီးခဲ့သည့် မတ်လ ၂ဝရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်တရားရုံးက ပုဒ်မ ၄၃၆/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်နှင့် ပုဒ်မ ၄၄၀/၁၁၄ အရ အလုပ်နှင့်ထောင်ဒဏ် ၂နှစ် စုစုပေါင်းထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရသည်။

ဓာတ်ပုံ- သေနတ်ပစ်ခံရသည့် ဦးရွှေအုန်း၏ ခြေထောက်နှင့် ကျန်ရစ်ခဲ့သော ဆိုင်ကယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts