All News Features Inequality

အသက် ၈၆ နှစ်အမယ်အို ဒေါ်မြအုန်း ပန်းရောင်းနေရသည်

အသက် ၈၆ နှစ်အမယ်အို ဒေါ်မြအုန်း ပန်းရောင်းနေရသည်

By အောင်သက်ဝိုင်း/ရန်ကုန်ခေတ်သစ်

မြေနီကုန်းက ရွှေရည်လက်ဖက်ရည်ဆိုင်ထဲ စားသောက်သူတွေ စည်ကား ဆူညံနေချိန် “သားရယ် ပန်းလေး ဝယ်ပါလား” ဆိုတဲ့ တိုးလျတဲ့ အသံလေး ထွက်ပေါ်လာတယ်။

မျက်နှာ သနပ်ခါးအဖွေးသား၊ ကံ့ကော်ပန်းလေး ပန်ထားတဲ့ အမယ်အိုတစ်ဦး။ သူ့မျက်နှာက ကြည်လင်ပြီး ပန်းဝယ်သူရှာရင်း ဘေးဘီလိုက်ကြည့်။ နုတ်ကလည်း “ကံ့ကော်ပန်းလေး ဝယ်ပါဦးကွယ်” ဆိုတဲ့ တိုးလျတဲ့အသံနဲ့ လက်ဖက်ရည်ဝိုင်းတွေကြား တုန်တုန်ချိချိ လျှောက်လှမ်းနေပါတယ်။

နွမ်းဖတ်ဖတ် ရင်ဖုံးအကျီၤ ၊ လွယ်အိတ်လေး လွယ်ထားပြီး တစ်ဝိုင်းပြီး တစ်ဝိုင်း ပန်းဝယ်လေမလားလို့ သူ လျှောက်လှမ်းနေတယ်။ အမယ်အိုရဲ့ မျက်နှာမှာတော့ ချွေးလေးတွေစို့နေပြီ။

အမယ်အိုကတော့ မြောက်ဥက္ကလာကနေ မြေနီကုန်းအထိ နေ့စဉ် ပန်းလာရောင်းနေတဲ့ အသက် ၈၆ နှစ်အရွယ် ဒေါ်မြအုန်းပါပဲ။

“အဘွားက မြောက်ဥက္ကလာက လာတာ။ အိမ်မှာ အဘွားယောင်္ကျားရှိသေးတယ်။ သူက မမာဘူး။ အသက် ၈၉ နှစ် ။ အိပ်ရာထဲ လဲနေပြီ။ သားသမီးတွေလည်းရှိတယ်။ ဒါပေမယ့် မပြေလည်ကြဘူး။ နေ့စဉ် ပန်းလာရောင်းတယ်။ ကံ့ကော်တွေ ပေါ်ချိန်ဆိုရင် ကံ့ကော်ပေါ့။ တစ်ခါတစ်လေ စံပယ်ပန်းပေါ့။ ကြုံရာပန်းလေးတွေ ရောင်းတယ်” လို့ အဘွားက ဆိုပါတယ်။

စကားပြောရင်း လွယ်ထားတဲ့ လွတ်အိတ်လေးနဲ့ မျက်နှာပေါ်က ချွေးတွေကို အမယ်အိုက သုတ်လိုက်သေးတယ်။

နေ့စဉ် ပန်းရောင်းရာကနေ ငွေ ၃၀၀၀ ကနေ ၅၀၀၀ လောက်ထိ ရရှိပြီး လင်မယားနှစ်ဦးအပြင် မြေးလေးတွေကိုပါ ကျွေးမွေးတယ်လို့ အမယ်အိုက ဆိုပါတယ်။ စားဝတ်နေရေးအရ ပန်းရောင်းရတာလို့လည်း သူက ဆက်ပြောပါတယ်။

“သားတွေက ကားမောင်းတယ်။ မပြေလည်ကြဘူး။ ကိုယ်နိုင်တာလေး လုပ်ရင်းဒီလိုပဲ ရောင်းတာပါ” လို့ အဘွားဒေါ်မြအုန်းက ဆိုပါတယ်။

ဒေါ်မြအုန်းရဲ့ ခင်ပွန်းဖြစ်သူက ဦးဘတင်ဖြစ်ပြီး အကြောတွေဆိုင်းပြီး ကျန်းမာရေးမကောင်းလို့ အိပ်ရာက မထနိုင်တော့တဲ့အတွက် အမယ်အို ရှာဖွေလာတဲ့ ငွေကြေးနဲ့ပဲ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနေတာပါ။

နေ့စဉ် မနက် ၇ နာရီလောက်ဆို မြောက်ဥက္ကလာ နေအိမ်ကနေ လိုင်းကားစီးလားပြီး မဟာမြိုင်မှာ ဆင်း မြေနီကုန်းတစ်ဝိုက်ကို လမ်းလျှောက်လို့ ပန်းလိုက်ရောင်းပါတယ်။

“ပန်းကတော့ လာပို့တယ်။ ဒီကံ့ကော်လေးတွေဆိုရင် ၄၀၀ နဲ့ယူတယ်။ အဘွားက တစ်စည်းကို ၅၀၀ နဲ့ပြန်ရောင်းတယ်။ ၁၀၀ မြတ်တာပေါ့။ ပုံမှန်ဆိုရင် ၁ နာရီလောက်ပြန်တယ်။ ပန်းတွေ မကုန်ရင်တော့ ကုန်တဲ့အထိ ဆက်ရောင်းတယ်။တစ်ခါတစ်လေလည်း ၂ နာရီခွဲလောက်မှ ပြန်ရတယ်။ လိုင်းကားကတော့ မဟာမြိုင်ကနေ တစ်ဆင့်တည်း ရောက်ပါတယ်” လို့ ဒေါ်မြအုန်းက ဆိုပါတယ်။

နှစ်ဦးစလုံးက အသက် ၈၅ နှစ်ကျော်တွေဖြစ်တာကြောင့် လူမှုဝန်ထမ်းဦးစီးဌာနက ပေးတဲ့ လူမှုရေး ပင်စင် တစ်ဦးကို ၁၀၀၀၀ နှုန်းနဲ့ နှစ်ဦးစာ ၂၀၀၀၀ လစဉ်ရတယ်လို့ ဒေါ်မြအုန်းက ဆိုတယ်။

“တစ်လ ၂၀၀၀၀ ရတယ်။ တစ်လ နှစ်သောင်းနဲ့တော့ နှစ်ဦးစာက မလောက်ဘူးလေ။ အဲဒီတော့ ဒီလိုပဲ ထွက်ရောင်းတာပါပဲ။ ကျန်းမာရေးကလည်းကောင်းတယ်။ လိုင်းကားလည်း စီးနိုင်တယ်။ ဘာမှ မဖြစ်ဘူး” လို့ ဒေါ်မြအုန်းက ဆိုပါတယ်။

သူ့အနေနဲ့ ကျန်းမာရေးမကောင်းမွန်တဲ့ ခင်ပွန်းကို ထားပြီး ဘိုးဘွားရိပ်သာမှာ သွားနေဖို့လည်းမဖြစ်နိုင်သလို ကိုယ့်အိမ်လေးမှာပဲ ကိုယ်ပျော်တယ်လို့ဆိုပါတယ်။ ဒီလို သွားလာ ရုန်းကန်လှုပ်ရှားနေရရင် နေကောင်းသလို ခံစားရတယ်လို့လည်း ဒေါ်မြအုန်းက ဆိုပါတယ်။

အမယ်အိုက ဒုက္ခဆင်းရဲတွေနဲ့ နေသားကျလို့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပုံလည်းရပါတယ်။

“ဒီနေ့ ပန်းလေးတွေ ကုန်သွားတော့ အိမ်စောစောပြန်ရပြီ” လို့ ပြောရင်း ကော်ဖီခွက်ကို တစ်ကျိုက်တည်း အဘွားအိုက မော့ချလိုက်တယ်။ အဲဒီနောက်တော့ လက်ထဲမှာ ငွေစက္ကူလေးတွေ ရေတွက်ရင်း လွယ်အိတ်ထဲ ရွှေရည်လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ဆိုင်ထဲကနေ ဆိုင်အပြင် ပြန်လည် ထွက်ခွာချိန် ဒယီးဒယိုင်နဲ့ ခုံလေးတွေကို ကိုင်ရင်း ခပ်ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားပါတယ်။

ဒီနေ့အဖို့ ဒေါ်မြအုန်း အိမ်စောစောပြန်နိုင်ခဲ့ပေမယ့် နောက်နေ့တွေမှာ သူ ပန်းလာရောင်းပါဦးမယ်။ အမယ်အို ဒေါ်မြအုန်း မြေနီကုန်း အနီးတစ်ဝိုက်မှာ နေ့စဉ် ပန်းတွေ လာရောင်းနေဦးမှာပါ……။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts