All News Local News Peace

အမ်းမြို့နယ်၊ နန့်မော်ကျေးရွာအနီး တပ်ဂျက်တိုက်လေယာဉ်များ ဗုံးကြဲဟု လွှတ်တော်အမတ်ပြော

အမ်းမြို့နယ်၊ နန့်မော်ကျေးရွာအနီး တပ်ဂျက်တိုက်လေယာဉ်များ ဗုံးကြဲဟု လွှတ်တော်အမတ်ပြော

ရန်ကုန်၊ မတ် ၂၃

ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းဘေးရှိ နန့်မော်ကျေးရွာအနီးသို့ ယနေ့ ညနေ ၅နာရီကျော်ခန့်တွင် တပ်မတော် ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မသိရှိရသေးကြောင်း ရခိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောဆိုသည်။

“ကျွန်တော့်ကိုလည်း အမ်းမြို့နယ်က တစ်ယောက်ကတော့ သတင်းပေးပါတယ်။ နန့်မော်အနီးမှာဖြစ်တာလို့ပြောတယ်။ တိုက်ပွဲဖြစ်လို့တော့ မဟုတ်ဘူးပြောတယ်။ ဂျက်တိုက်နှစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ပြောတယ်။ ဘယ်နှစ်ကြိမ်လောက်ကြဲလည်းတော့ မသိဘူး။ တိုက်ပွဲလည်း ဖြစ်တာမဟုတ်ဘဲနဲ့ ဗုံးလာကြဲတယ်ပြောတယ်။ ဒေသခံတွေကပြောတာ ထိခိုက်ဒဏ်ရာရရတဲ့ သတင်းကတော့မရသေးဘူး။ ကြဲတာကတော့ တပ်မတော်ဖက်ကပဲဖြစ်မှာပေါ့။ AAဘက်က လေယာဉ်မှမရှိတာ” ဟု ၎င်းကပြောဆိုသည်။

အဆိုပါ နန့်မော်ကျေးရွာအနီး တပ်တော်ဂျက်တိုက်လေယာဉ်၂စီးဖြင့် ၂ကြိမ်တိုင် ဗုံးကြဲခဲ့ပြီး လက်ရှိချိန်ထိ အိမ်ပြန်မထွက်ရဲသေးကြောင်း နန့်မော်ကျေးရွာဒေသခံတစ်ဦးကပြောဆိုသည်။

“ ခုနက ၅နာရီ် ၃ဝလောက်က အသံပဲကြားလိုက်ရတယ်။ ဗုံးကြဲတိုက်ခိုက်လိုက်တာရှိတယ်။ နန့်မော်ရွာရဲ့ အနီးပေါ့။ အဲနားကိုကျတယ်။ ရွာသားတွေထိခိုက်လား မထိခိုက်လားတော့ ကျွန်တော်လည်းမသိရသေးဘူး။ အခုထိအိမ်ထဲက အိမ်ပြန်မထွက်ရဲသေးဘူး။ ဂျက်ဖိုက်တာ တိုက်လေယာဉ်ပေါ့။ နှစ်ကြိမ်တောင် လာကြဲတယ်လေ ကျွန်တော် မှတ်မိသလောက်ဆိုရင် အလုံး၂ဝလောက်ကျမယ်ထင်တယ်။ နှစ်ကြိမ်လာကြဲတာ ဒါးလက်ချောင်းနားပေါ့။ ရွာတော့ မီးမလောင်ဘူး။ အခုတော့ မကြဲတော့ဘူူး။ ပြန်သွားပြီ ကျွန်တော်တို့အခုထိ မီးခိုးတွေ မြင်နေရတုန်း ပထမ တိုက်လေယာဉ်၂စီးလာကြဲတယ်။ ဒုတိယ ၂စီးထပ်လာကြဲတယ်” ဟု နန့်မော်ကျေးရွာသွားတစ်ဦးကပြောဆိုသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com