Health Local News political news

အမေရိကန်မှပြန်လာသော ကော်ရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ရန်ကုန်လေဆိပ်မှတစ်ဆင့် တီးတိန်အထိ သွားခဲ့သည့် လမ်းကြောင်းများ

အမေရိကန်မှပြန်လာသော ကော်ရိုနာဗိုင်းရပ်စ်ကူးစက်လူနာ ရန်ကုန်လေဆိပ်မှတစ်ဆင့် တီးတိန်အထိ သွားခဲ့သည့် လမ်းကြောင်းများ

ရန်ကုန်၊ မတ် ၂၄

အမေရိကန်ပြည်ထောင်စုမှ အသက် ၃၆နှစ်အရွယ် ချင်းတိုင်းရင်းသားအမျိုးသားသည် ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီး ချင်းပြည်နယ်၊ တီးတိန်မြို့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

အဆိုပါလူနာ သွားရောက်ခဲ့သည့် လမ်းကြောင်းများကို သက်ဆိုင်ရာအာဏာပိုင်များ၏ အကြောင်းကြား တင်ပြစာတွင် ပါဝင်ပြီး ယင်းလမ်းကြော်ငးများကို ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူနှင့် အာဏာပိုင်များထံသို့ မေးမြန်းစုံစမ်း၍ ဖော်ပြလိုက်ပါသည်။

ဝါရှင်တန်ဒီစီမှ ရန်ကုန်လေဆိပ်နှင့်ကလေးမြို့

အသက် ၃၆ နှစ်အတွက် Green Card ကိုင်ဆောင်ထားသူ ချင်းအမျိုးသားသည် မိခင်နှင့်အတူဝါရှင်တန်ဒီစီမြို့မှ မတ်လ ၁၃ ရက်နေ့တွင်ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ မတ်လ ၁၅ ရက်နေ့တွင် ညနေ ၃ နာရီကျော်တွင် ရောက်ရှိခဲ့သည်။ ရန်ကုန်လေဆိပ်တွင် ခေတ္တနားပြီး မြန်မာ့လေကြောင်းဖြင့် ကလေးမြို့သို့ ဆက်လက်ထွက်ခွာသွားသည်။

ကလေးမြို့တွင် ၄ ရက်တာ နေထိုင်ခြင်း

ကလေးမြို့သို့ ရောက်ရှိသောအခါ တပ်ဦးသီတာရပ်ကွက်၊ ရတနာပုံလမ်းရှိ နေအိမ်တွင် ခေတ္တတည်းခိုပြီး ၄ ရက်ခန့်နေထိုင်ခဲ့သည်။ ကလေးမြို့တွင် နေထိုင်စဉ် မင်္ဂလာဆောင်မည့် အမျိုးသမီးနှင့်အတူ ချယ်ရီဓာတ်ပုံဆိုင်တွင် Pre-wedding ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ကလေးတက္ကသိုလ်အပါအဝင် ကလေးမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခဲ့

ကလေးမြို့မှ တီးတိန်သို့

ကလေးမြို့တွင် ၄ ရက်တာ နေထိုင်ပြီးနောက် မတ်လ ၁၇ရက်နေ့တွင် လိုင်းကားဖြင့် တီးတိန်မြို့သို့သွားရောက်ပြီး တီးတိန် လွယ်ဘွာလ်းရပ်ကွက်တွင် ၁ ည တည်းခိုခဲ့သည်။ မတ်လ ၁၈ ရက်နေ့တွင် AG အသင်းတော်ပိုင်ကားဖြင့် ကပ်တဲလ်ကျေးရွာသို့ ရောက်ရှိပြီး မတ်လ ၁၉ ရက်နေ့တွင် ကိုယ်ပူချိန် ရှိနေသဖြင့် Population Services International ဆေးခန်းတွင် ဆရာဝန်ဒေါက်တာဖြိုးကျော်နှင့် ဆေးခန်းပြသခဲ့ကြောင်း သိရှိရသည်။ Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့သည်။

အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ကြောင်း၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရခြင်းဖြစ်သည်။

ဓာတ်ပုံ- တီးတိန်ပြည်သူ့ဆေးရုံကြီး။ Tech Guru

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com