All News Health Local News

ရန်ကုန်နှင့်မန္တလေးတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ထပ်မံ တွေ့ရှိရပြီး စုစုပေါင်း Covid 19 လူနာ ၅ ဦးရှိလာပြီ

ရန်ကုန်နှင့်မန္တလေးတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ထပ်မံ တွေ့ရှိရပြီး စုစုပေါင်း Covid 19 လူနာ ၅ ဦးရှိလာပြီ

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်နှင့်မန္တလေးတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ထပ်မံ တွေ့ရှိရကာ ၎င်းတို့နှစ်ဦးစလုံးသည် အမေရိကန်နှင့် သြစတြေးလျ၊ စင်ကာပူမှ ပြန်လာသူများဖြစ်ပြီး မြန်မာနိုင်ငံတွင် စုစုပေါင်း Covid 19 လူနာ ၅ ဦးရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူ ထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ (၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာ များ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက် ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိကြောင်း၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့ တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline ဖြင့် ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာမြို့နယ်တွင် တစ်ည အိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀)ရက်နေ့၊ ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေး မြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည် မြို့နယ်ရှိနေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ထပ်မံ တွေ့ရှိရသည့် လူနာမှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးသည် နှာခေါင်းကင်ဆာရောဂါကို ဩစတြေးလျ နိုင်ငံတွင် (၁) လခန့် ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံသို့ အပြန်တွင် စင်္ကာပူနိုင်ငံ၌ (၄) ရက်ခန့် နေထိုင်ခဲ့ပြီးနောက် (၁၄-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ကြောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိ၍ အထူးကြပ်မတ်ခန်း (ICU) တွင် ကုသမှုပေးလျက်ရှိကြောင်း၊ အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့ခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲ အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com