All News Local News Peace

ရခိုင်အင်တာနက်ဖွင့်ရေး ဆန္ဒပြ ကျောင်းသား ၅ဦးကို ပညာရေးတက္ကသိုလ်ထဲတွင် ရဲက ဝရမ်းဖြင့်ဖမ်းဆီးသွားပြီး အဆက်အသွယ်မရ

ရခိုင်အင်တာနက်ဖွင့်ရေး ဆန္ဒပြ ကျောင်းသား ၅ဦးကို ပညာရေးတက္ကသိုလ်ထဲတွင် ရဲက ဝရမ်းဖြင့်ဖမ်းဆီးသွားပြီး အဆက်အသွယ်မရ

ရန်ကုန်၊ မတ်လ ၆

ရခိုင်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရေး ရန်ကုန်တွင် ဆန္ဒဖော်ထုတ်ခဲ့သော ကျောင်းသား ၉ ဦးအနက်မှ ၅ဦးကို မတ်လ၅ ရက်နေ့ ညနေ ၆နာရီတွင် ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က ရန်ကုန်တက္ကသိုလ်ပညာရေးသမဂ္ဂရုံးအထိ ဖမ်းဝရမ်းနှင့် လာရောက်ဖမ်းဆီးခဲ့ပြီး အဆက်အသွယ်မရရှိကြောင်း ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်သမဂ္ဂ (ဗကသ) ဥက္ကဌ ကိုစိုင်းသုဝန်ကပြောဆိုသည်။

“ဖမ်းသွားတဲ့ကျောင်းသားတွေအနေနဲ့ကတော့ အဆက်အသွယ်တော့ မရသေးဘူး။ လာဖမ်းသွားတာတော့ ရန်ကုန်ပညာရေးတက္ကသိုလ်ထဲဝင်ပြီးတော့ ပညာရေးတက္ကသိုလ်ရုံးခန်းမှ ည မီးပြတ်တဲ့အချိန် ည ၆း၁၅လောက် အဲဒီအချိန်လောက်မှ ဖမ်းသွားတယ်လို့ သိရတယ်။ အာမခံကတော့ မယူဘူး။ လက်ရှိ ပထမတစ်ခေါက် ပထမဦးဆုံး လူပ်ရှားမှုအပြီး နောက်ရက်မှာထဲကိုက အဲဒီမှာပါဝင်တဲ့ကျောင်းသား ၉ဦးလုံးကို တရားစွဲတယ်။ တရားစွဲတဲ့ အပိုင်းတော့ ရှိတယ်။ ရခိုင်တက္ကသိုလ်ကျောင်းသား သမဂ္ဂက နှစ်ယောက်ပါတယ်။ ကျန်တဲ့ ကျောင်းသားသမဂ္ဂ အဝန်းအဝိုင်းကနေပြီးတော့ ၇ယောက်ပါတယ်။ လူပ်ရှားမူအပြီးနောက်နေ့မှာပဲ ပုံမှန်ဆိုရင် ဦးဆောင်တဲ့သူကိုပဲ ဖမ်းလေ့ရှိတယ်။ ဒါပေမယ့် ရခိုင်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ လူပ်ရှားမူ ဖြစ်စဉ်မှာ တော့ပါဝင်နေတဲ့ ကျောင်းသား ၉ယောက်လုံးကို တရားစွဲတယ်။ နောက်နေ့မှာ ချက်ချင်းရုံးကို ခေါ်တယ်ပေါ့။ အဲဒီမှာထဲက သူတို့ကပြောတယ်။ အာမခံမယူဘူးပြီးတော့ ခံဝန်လည်း မထိုးဘူး။ တစ်ခါတည်း ဖမ်းချုပ်နိုင်တယ်။ ဒါပေမယ့် ဘယ်လိုကြောင့်လည်းတော့ မသိဘူး သူတို့ကို ပြန်လွှတ်လိုက်တယ်။ မနေ့ကကျတော့ ဝရမ်းထုတ်ထားတဲ့ ဆိုတဲ့ ပုံစံမျိုးနဲ့ ဝရမ်းနဲ့ ဖမ်းသွားတယ်ပေါ့နော်။ အာမခံကတော့ မယူထားဘူးခင်ဗျာ။ အမနေ့ကဝရမ်းနဲ့ ဝတ်စုံအပြည့်နဲ့ ဖမ်းသွားတယ်ပေါ့” ဟု ကိုစိုင်းသုဝန်ကပြောသည်။

ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသူ ၅ဦးမှာ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ ကိုသုတစိုး၊ မအေးမြတ်ကျော်နှင့် မနှင်း တို့ဖြစ်ပြီး ကိုသက်တင်အောင်၊ ကိုမြတ်ဟိန်းထွန်း၊ ကိုနောင်ထက်အောင်နှင့် ကိုကျော်လင်း တို့ကို ရဲတပ်ဖွဲ့ကရှာဖွေလျက်ရှိကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts