All News Local News Peace

ရခိုင်တွင် တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ဟုဆို

ရခိုင်တွင် တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ဟုဆို

ရန်ကုန်၊ မတ် ၂၀

ရခိုင်ဒေသတွင် မြန်မာ့တပ်မတော်အနေဖြင့် ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းများဖြင့် ရခိုင်ဒေသတစ်ခုလုံးသို့လူအင်အား၊ လက်နက်အင်အားများကိုထပ်မံဖြည့်တင်းနေသောကြောင့် တိုက်ပွဲများ ထပ်မံပြင်းထန်လာနိုင်ကြောင်း ရခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

AAက ပုံမှန် တိုက်ပွဲသတင်းများကို ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြထုတ်ပြန်ထားခြင်းဖြစ်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ထားသည့် မီးဝဗျူဟာကုန်းစခန်း ပိတ်ဆို့်မှုကြားမှ ပြန်လည်ရရှိသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

AA၏ ထုတ်ပြန်ချက်တွင် မတ်လ(၁၆/၁၇/၁၈) ရက်များ၌ ယခင်နေ့များ၌တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများ၌ ရင်ဆိုင်တိုက်ပွဲများနှင့်အတူကြိုကြားကြိုကြားပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။ လေကြောင်း၊ လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြန်မာ့တပ်မတော်ဖက်မှ ပစ်ခတ်တိုက်ခိုက်မှုများမရပ်မနားတောက်လျောက်ရှိခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ်၊ စစ်သဘောၤများပေါ်မှပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလူထုများသေဆုံးမှု၊ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း ဖော်ပြထားသည်။

ပလက်ဝမြို့နယ်၊မီးဝဗျူဟာကုန်းပတ်ဝန်းကျင် နှင့် မီးချောင်းတံတားပတ်ဝန်းကျင်များအား ၂၀၂၀ ပြည့်နှစ်၊မတ်လ(၁၉) ရက်၊နံနက်(၀၅) နာရီ(၅၅) မိနစ်မှ စတင်၍ အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲတစ်နာရီခန့်ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ဤဗျူဟာကုန်းပတ်ဝန်းကျင်၌ ဖေဖော်ဝါရီလ(၅) ရက်နေ့မှစတင်ပြီး တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ မတ်လ(၁၉) ရက်နေ့ဆိုလျင် ရက်ပေါင်း(၄၀) ကျော်အထိရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ဗျူဟာကုန်းပတ်ဝန်းကျင်၌သာမက ၎င်းဗျူဟာကုန်းသို့စစ်ကူပေးရန်လာသော မြန်မာ့တပ်မတော် ၏စစ်ကြောင်းများနှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မီးချောင်းတံတားအနီး၌နံနက်(၁၀) ခန့်မှစတင်၍တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက်(၁၁) နာရီမှစတင်၍ စစ်ရဟတ်ယာဉ်(၂) စီးဖြင့် (၁၂) နာရီအထိမီးချောင်းတံတားပတ်ဝန်းကျင်များသို့တစ်နာရီကြာ မရပ်မနားဆက်တိုက်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာများအနီးကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း၊ ယခင်နေ့ရက်များ၌ကဲ့သို့အရပ်သားများသေဆုံး၊ဒဏ်ရာရရှိသည်ကိုလောလောဆယ်မသိရသေးကြောင်း ဖော်ပြထားသည်။

အမ်းမြို့နယ်၊ အရိုးတောင်ကျေးရွာ ၏အနောက်တောင်ဖက်ရှိတောင်တန်း၊ မြေပုံမြို့နယ်၊စညှင်းကျေးရွာ၏မြောက်ဖက်တောင်တန်းများကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၉) ရက်၊ကြာသပတေးနေ့၊ နေ့လယ်(၁) နာရီ(၁၀) မိနစ်မှစတင်၍ ဂျက်တိုက်လေယာဉ်(၂) စီးဖြင့်မိနစ်(၃၀) ခန့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တိုက်ပွဲများတွင် AA ဘက်မှ ကျဆုံးသွားသူများ ရှိကြောင်းလည်း ဖော်ပြထားပြီး လိုအပ်လျှင်လိုအပ်သလို ညီနောင်မဟာမိတ်များနှင့် ဟန်ချက်ညီခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- AA က ထပ်မံထုတ်ပြန်သည့် ဖမ်းဆီးရမိသည့် တပ်မတော်သားတချို့၏ ဓာတ်ပုံများ

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts