All News Local News Peace

မင်းပြားမြို့နယ် ရာမောင်းတံတားထိပ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဖားပျော်ကျေးရွာအတွင်း လက်နက်ကြီးကျ၍ အရပ်သား ၂ဝကျော်ဒဏ်ရာရ

မင်းပြားမြို့နယ် ရာမောင်းတံတားထိပ်တွင် တိုက်ပွဲဖြစ်ပွားပြီး ဖားပျော်ကျေးရွာအတွင်း လက်နက်ကြီးကျ၍ အရပ်သား ၂ဝကျော်ဒဏ်ရာရ

ရန်ကုန်၊ မတ်လ ၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအတွင်းသို့ ယနေ့ မတ်လ ၉ရက်နေ့ ညနေ၅နာရီကျော်ခန့်က လက်နက်ကြီးကျရောက်ခြင်းကြောင့် ရွာအတွင်းရှိ ကားတစ်စီးနှင့် လူနေအိမ်များမီးလောင်ကာ လူ၂ဝကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားပျော်ကျေးရွာသားတစ်ဦးကပြောဆိုသည်။

“ တိုက်ပွဲဖြစ်တာကတော့ မိနစ်ပိုင်းလေးပဲဖြစ်တာ လက်နက်ကြီးကပြီးမှကျတာ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်လို့ အိမ်တွေဘာတွေ မီးလောင်သွားတာရှိတယ်။ ကားတစ်စီးလည်း မီးလောင်သွားတယ်။ လူ၂ဝလောက်ဒဏ်ရာရသွားတယ်” ဟု ဖားပျော်ကျေးရွာသားတစ်ဦးကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဖြစ်စဉ် အတည်ပြုနိုင်ရန် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကို ဆက်သွယ်မေးမြန်းသည့်အခါမှာ ဖားပျော်ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်သည်ကို ရွာသားများပြောဆိုသည့်အတွက် ၎င်းအနေဖြင့်သိရှိရကြောင်း သို့သော် အခြေအနေ ဖြစ်စဉ်များကို မသိရှိရသေးကြောင်း ပြောဆိုသည်။

ထိုသို့ ရွာအတွင်းသို့ လက်နက်ကြီးကျည်မကျရောက်မှီ ယနေ့ ညနေပိုင်းက ဖားပျော်ကျေးရွာ မြောက်ဖက်ပိုင်းရှိ ရာမောင် တံတားထိပ်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်းအကြာတွင် အဆိုပါရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖားပျော်ကျေးရွာသားများ ပြောဆိုချက်အရသိရသည်။

လက်ရှိချိန်ထိ လက်နက်ကြီးကျည် ကျရောက်သောကြောင့် ထိခိုက်ဒဏ်ရာရသူများသည် ရွာအတွင်းတွင်ပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့များလည်း ရွာအတွင်းသို့ ဝင်ရောက်ကယ်ဆယ်လျှင် ပစ်ခတ်ခံရနိုင်သည့်အတွက် မလာရဲကြောင်း ဖားပျော်ကျေးရွာသားတစ်ဦးကပြောဆိုသည်။

Photo Credit- MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts