All News Local News

မကွေး၊ ရန်ကုန်နှင့်ရှမ်းပြည်နယ်မှ ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၃ ဦးသေဆုံးဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

မကွေး၊ ရန်ကုန်နှင့်ရှမ်းပြည်နယ်မှ ကော်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၃ ဦးသေဆုံးဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

ရန်ကုန်၊ မတ် ၁၈

တစ်ရက်အတွင်းမကွေး၊ ရန်ကုန်နှင့်ရှမ်းပြည်နယ်မှ ကာ်ရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာ ၃ ဦးသေဆုံးဟု ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ ၁၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀) နာရီမှ (၁၈-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆း၀၀) နာရီအထိ စောင့်ကြည့်လူနာများအနက် သေဆုံးလူနာ (၃) ဦးခဲ့ကြောင်း သိရှိရသည်။

ပထမသေဆုံးလူနာအဖြစ် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နေထိုင်သော အသက် (၉) လအရွယ်၊ ကလေးငယ်တစ်ဦးသည် (၁၃-၃-၂၀၂၀) ရက်နေ့မှစတင်၍ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အပြင်းဖျားခြင်း၊ မှိန်းခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် ပြင်ပဆေးခန်းတစ်ခုသို့ သွားရောက် ပြသခဲ့သော်လည်း ရောဂါမသက်သာသဖြင့် (၁၇-၃-၂၀၂၀) ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ မကွေးပြည်သူ့ ဆေးရုံကြီးသို့ ညနေ (၃:၅၀) နာရီ အချိန်တွင် လွှဲပြောင်းညွှန်းပို့ခဲ့ကြောင်း၊ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာရယူကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် ဆောင်ရွက်လျက်ရှိပြီး လိုအပ် သော ဆေးကုသမှုများပေးနေစဉ် (၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၀၀) နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊ ကနဦးသုံးသပ်ချက်များအရ လူနာသေဆုံးရသော အကြောင်းရင်းမှာ ဝမ်းပျက်ဝမ်းလျှောခြင်းအား စောစီးစွာ ကုသမှုမခံယူခဲ့ သဖြင့် အလွန်အမင်း ရေဓာတ်ခမ်းခြောက်ပြီး သွေးပေါင်ချိန် ကျဆင်းကာ သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဒုတိယသေဆုံးလူနာမှာ (၁၇-၃-၂၀၂၀) ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုပေးလျက်ရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ် မြို့နယ်တွင် နေထိုင်သော အသက် (၃၀) နှစ် အရွယ်အမျိုးသားတစ်ဦးသည် (၁၀-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး သွေးပါခြင်းစသည့် ရောဂါလက္ခဏာများဖြင့် (၁၄-၃-၂၀၂၀) ရက်နေ့မှစ၍ အတွင်းလူနာအဖြစ် တတ်ရောက် ကုသမှုခံယူခဲ့ရာ လူနာအား လိုအပ်သောကုသမှုများ ပေးနေစဉ် (၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း၊ လူနာသေဆုံးရသော အကြောင်းရင်းမှာ ကနဦးသုံးသပ်ချက်နှင့် စစ်ဆေးချက်များအရ လူနာ၌ နာတာရှည် ရောဂါအခံဖြစ်သော နှလုံးကြီးခြင်း၊ သွေးတွင်း သကြားဓာတ် အလွန်အမင်းမြင့်မားခြင်းနှင့် သွေးတွင်းပိုတက်စီယမ်ဓာတ် အလွန်အမင်းကျဆင်းခြင်းတို့အပြင် အဆုတ်ရောင် ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

တတိယသေဆုံးလူနာအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သော အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ခက်ခဲခြင်း စသောလက္ခဏာများဖြင့် (၁၇-၃-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ် သတ်မှတ်၍ လိုအပ်သော ကုသမှုများပေးနေစဉ် (၁၇-၃-၂၀၂၀) ရက်နေ့၊ ည (၉:၃၀) နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း ၊ လူနာတွင် မွေးရာပါ ရောဂါအခံ (Down’s Syndrome) ရှိကြောင်းလည်း စစ်ဆေးတွေ့ရှိရကြောင်း၊ လူနာ သေဆုံးရသော အကြောင်းရင်းမှာ ကနဦးသုံးသပ်ချက်နှင့် စစ်ဆေးချက်များအရ သွေးတွင်း သွေးဖြူဥ အလွန်အမင်းမြင့်မားပြီး သွေးဆိပ်တက်ခြင်းနှင့် အဆုတ်ရောင် ခြင်း လက္ခဏာများကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း၊ ၎င်းထံမှ ဓာတ်ခွဲနမူနာ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မြို့သို့ ပေးပို့စစ်ဆေး ခဲ့ရာ (၁၈-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်း ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း ဖော်ပြထားသည်။

ကျန်ရှိသည့် သေဆုံးလူနာ (၂) ဦး၏ ဓာတ်ခွဲနမူနာ အဖြေများနှင့် နောက်ဆက်တွဲသတင်းအချက်အလက်များရရှိပါက အချိန်နှင့်တစ်ပြေးညီ ဖော်ပြ သွားမည်ဖြစ်ကြောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိကြောင်း၊ စောင့်ကြည့်လူနာ ၁၃ ဦးရှိကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts