Local News Peace political news

ပုဏ္ဏားကျွန်း လက်မဆိပ်ရွာတွင် ရှင်ပြုအလှူတရားပွဲလုပ်နေစဉ် လက်နက်ကြီးကျည်ကျထိ၍ အလှူရှင်၏ ညီမအရင်းဖြစ်သူ သေဆုံး

ပုဏ္ဏားကျွန်း လက်မဆိပ်ရွာတွင် ရှင်ပြုအလှူတရားပွဲလုပ်နေစဉ် လက်နက်ကြီးကျည်ကျထိ၍ အလှူရှင်၏ ညီမအရင်းဖြစ်သူ သေဆုံး

ရန်ကုန်၊ မတ် ၁၉

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သဲတက်ကျေးရွာအုပ်စု လက်မဆိပ်ရွာတွင် မတ်လ ၁၈ ရက်နေ့ ရှင်ပြုအလှူ တရားပွဲလုပ်နေစဉ် အလှူရှင်၏ ညီမဖြစ်သူ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း အဆိုပါကျေးရွာသို့ ရောက်ရှိနေသည့် ကျောက်တော်မြို့နယ် ရောင်စုံမြောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်ကပြောဆိုသည်။

လက်မဆိပ်ကျေးရွာတွင် မတ်၁၈ရက်နေ့က ရွာရှင်ပြုအလှူတစ်ခုရှိပြီး ထိုအလှူတွင် ညပိုင်း တရားပွဲပြုလုပ်ကြောင်း၊ တရားနာနေစဉ် ည ၁၁နာရီကျော်ခန့်က နေဗီ(တပ်မတော်ရေတပ်) များ၏ သေနတ်ပစ်ခတ်သံများ ကြားရပြီး ကုလားတန်မြစ်အတိုင်း ဆင်းလာသည့်အတွက် တရားပွဲရပ်ကာ စာသင်ကျောင်းအနောက်ရှိ အုတ်နံရံတွင် ပုန်းခိုနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် အသက် ၂၇နှစ် အရွယ် မအေးမျှစော သည်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးပြောကြားချက်အရသိရသည်။

“ တပ်မတော်က နေဗီက ကျောက်တော်ကဆင်းလာတယ်။ ဆင်းလာတော့ တခြားရွာတွေနားမှာ ၄၊ ၅၊ ၆ ချက်လောက်ပစ်ခဲ့တယ်လို့ကြားတယ်။ အဲဒီကဆင်းလာတော့ ကျွန်တော်တို့ဒေသကို ည၁၂နာရီကျော်လောက်မှာရောက်တယ်။ ပုဏ္ဏားကျွန်းမြို့နယ် လက်မဆိပ်ကျေးရွာပေါ့။ အဲရွာမှာ ရှင်ပြုပွဲတစ်ပွဲရှိတယ်။ အဲဒီရှင်ပြုပွဲအလှူရှင်ရဲ့ ညီမအရင်းပေါ့။ မအေးမျှစောက လက်နက်ကြီးအစထိပြီးတော့ ပွဲချင်းပြီးသေတာပေါ့” ဟု ဦးသာထွန်းအောင်ကပြောဆိုသည်။

တပ်မတော်ရေတပ် ပစ်ခတ်မှုကြောင့် အဆိုပါ ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၅လုံးခန့်ကျရောက်ခဲ့ခြင်းကြောင့် နွား ၃ကောင် ဝက် ၁ကောင်သေဆုံးခဲ့ပြီး နွား၇ကောင်လည်း ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ ဆန္ဒကပေါ့လေ။ တကယ်လို့များ ရခိုင်တပ်တော်က ပစ်တယ်ဆိုရင် ရွာနဲ့ဝေးတဲ့နေရာမှာပစ်ပေါ့။ စစ်တပ်ကလည်းပဲ ဘာပဲဖြစ်ဖြစ် ကျေးရွာတွေကို အဲတာမျိုး မလုပ်ဖို့အတွက် ကျွန်တော်တို့က ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက လက်နက်ကိုင်အချင်းချင်း တိုက်တဲ့နေရာမှာ ပြည်သူလူထုက မြေစာဖြစ်တာပေါ့” ဟု ဦးသာထွန်းအောင်ကပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts