All News Local News Peace

ပလက်ဝတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သား ၂၁ ဦး သေဆုံးပြီးနောက် ဒေသခံ ၁၄၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး

ပလက်ဝတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် အရပ်သား ၂၁ ဦး သေဆုံးပြီးနောက် ဒေသခံ ၁၄၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေး

ရန်ကုန်၊ မတ် ၁၇

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရခိုင်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှုများ ဖြစ်လာကာ အရပ်သား ၂၁ ဦးသေဆုံးပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးလာသော စစ်ဘေးရှောင်ဦးရေ ၁၄၀၀ ကျော်ရှိလာကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ပရဟိတအဖွဲ့နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်း မျိုးထပ်ထံမှ သိရှိရသည်။

ပလက်ဝမြို့နယ်ဝက်မကျေးရွာအုပ်စု၊ ဖားဝကျေးရွာအုပ်စု၊ မိတ်စာဝ (၁)၊ မိတ်စာဝ (၂)၊ မိတ်စာဝ (၃)နှင့် ပျံဝကျေးရွာတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ရှိလာပြီးနောက် ဒေသခံတစ်ထောင်ကျော် ဆမီးမြို့သို့ စစ်ဘေးရှောင်ရန် ထွက်ပြေးလျက်ရှိကြောင်း ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးထိုက်ကပြောဆိုသည်။

“ အခုထွက်ပြေးလာတာကတော့ တစ်ထောင်ကျော်ပေါ့။ အခု ဆမီးရွာရောက်တာငါးရာ ဝန်းကျင်ရှိပြီ။ ကျန်တဲ့လူတွေက အခုမှလာနေတုန်း သူတို့လာနေရတာ မိုင်ပေါင်း ၂ဝ ကျော်ဝေးတယ်ဆိုတော့လေ။ တချို့က ခြေလျှင်လာကျတယ်။ တစ်ချို့က ကားတွေနဲ့လာကျတယ်။ အခုမြို့ပေါ်က ကားရှိတဲ့လူတွေကို အကူအညီတောင်းပြီးတော့ သွားကြိုနေကြတယ်။ အခုက လေကြောင်းနဲ့ ရဟတ်ယာဉ်တွေကလည်းရှိတော့ သွားလာရတာ အခက်အခဲတော့ရှိတာပေါ့။ လူက အကုန်လုံးမရောက်နိုင်သေးဘူး” ဟု ၎င်းကပြောဆိုသည်။

စစ်ဘေးရှောင်များကိုကူညီသော ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးကမူ စစ်ဘေးရှောင် အိမ်ထောင်စု ၃၀၅ စု၊ လူဦးရေ ၁၄၄၉ ဦးရှိကြောင်း၊ အရေအတွက် တိုးလာနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ဘေးမှတိမ်းရှောင်သူများ ရောက်ရှိလာလျှင် ဆမီးမြို့ပေါ်ရှိ အခြေခံကျောင်း၊ အိုးအိမ်၊ ထွေအုပ်ရုံး၊ ဆောက်လုပ်ရေးနှင့် ဘာသာရေးအဆောက်အအုံများတွင် နေရာချထားပေးရန်အတွက် စီစဉ်ထားကြောင်း ဦးမျိုးထိုက်ကပြောဆိုသည်။

“ စားရေးသောက်ရေးကတော့ ခက်ခဲမယ်လို့တော့ထင်တာပဲ။ အခုလောလောဆယ်က အရင်က ပလက်ဝမှာ ပို့ဖို့အတွက် ဆန်အိတ်က ၅ဝဝထားတဲ့ထဲကနေ ပြည်နယ်အစိုးရက အခု အိတ်ပေါင်း ၁ဝဝလောက်တော့ သုံးခွင့်ပေးထားတယ်။ အဲတာက ဆန်တစ်ခုတည်းပဲ ကျန်တဲ့ ဆီ၊ဆား၊ငပိ တို့တော့ မပါဘူးပေါ့။ လောလောဆယ်တော့ ဆန်အိတ် ၁ဝဝတော့ သုံးခွင့်ရှိတယ်။ အဲဒီအိတ် ၁ဝဝက ဘယ်နှစ်ရက်စားရမှာလဲ အပေါ်မှာသုံးသပ်ပြီးတော့ ဘယ်နှစ်ရက်အတွင်းမှာ ပြည်နယ်အစိုးရကိုလည်း အကြောင်းတော့ပြောထားပါတယ်” ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက်နေ့က ချင်ပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ မိတ်စာဝ (၁)၊ မိတ်စာဝ (၂)နှင့် မိတ်စာဝ (၃) ကျေးရွာများအတွင်းအတွင်းသို့ တပ်မတော်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာသူ၊ ကျေးရွာသား အရပ်သား ၂၁ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

ချင်းပြည်နယ်အတွင်းရှိ တပ်မတော်နှင့် AA တို့တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်ပွားနေခြင်းကြောင့် မတ်လ ၁၅ရက်နေ့တွင် ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts