All News Local News Peace

နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသ ၅နေရာတွင် တပ်မတော်နှင့် TNLA တိုက်ပွဲပြင်းထန်

နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသ ၅နေရာတွင် တပ်မတော်နှင့် TNLA တိုက်ပွဲပြင်းထန်

ရန်ကုန်၊ မတ် ၁၅

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်အတွင်း ယနေ့ နံနက်ပိုင်းက ပန်းဆေးဒေသ ၅နေရာတွင် တပ်မတော်နှင့် TNLA တို့ တစ်ပြိုက်နက်တည်း တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း ပြောရေးဆိုခွင့်ရှိသူ မလွေးချစ်ဆငမ်းကပြောဆိုသည်။

ပန်းဆေးဒေသရှိ တိုက်ပွဲပြင်းထန်လျက်ရှိသော နေရာ ၅ခုမှာ မန့်မိုင်ကျေးရွာ၊ ရှောက်ကုန်းကုန်းကျေးရွာ၊ မန့်ပန်ကျေးရွာ၊ ပန်ဆေးကျေးရွာနှင့် တာကွန်းကျေးရွာတို့ဖြစ်ကြောင်းသိရသည်။

“ တိုက်ပွဲက နမ့်ခမ်း ပန်းဆေးဒေသမှာဖြစ်နေတာ ကျွန်မတို့လည်း တိုက်ပွဲသတင်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ်တော့ မသိရသေးဘူးပေါ့။ ဒီမနက်မှာ ပန်းဆေးဒေသမှာ တိုက်ပွဲဖြစ်တယ်။ ပန်းဆေးဆိုတဲ့ ဒေသက မူးယစ်ဆေးဝါးစိုက်ပျိုးတဲ့ ဒေသဖြစ်နေတယ်။ တိုက်ပွဲကပြင်းထန်နေတော့ အခုထိအခြေအနေတွေ ဆက်သွယ်လို့ မရသေးဘူး” ဟု မလွေးချစ်ဆငမ်းကပြောဆိုသည်။

လက်ရှိအခြေအနေတွင် တိုက်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် မသိရှိရသေးသည့်အတွက် ထိခိုက်ဆုံးရှုံးအခြေအနေကို မသိရှိရသေးကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် လွှတ်တော်ကိုယ်စားများကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်းမရှိပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

Photo Credit – Sai Sai Han Herk

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts