All News Local News

ဒေါ်အောင်ဆန်းစုကြည်၏ညွှန်ကြားချက်အရ မြဝတီ ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ည ၁၂ နာရီအထိ မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်မှု လက်ခံ

ဒေါ်အောင်ဆန်းစုကြည်၏ညွှန်ကြားချက်အရ မြဝတီ ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ည ၁၂ နာရီအထိ မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက်မှု လက်ခံ

ရန်ကုန်၊ မတ် ၂၂

မြန်မာ-ထိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မြဝတီ ချစ်ကြည်ရေးတံတားအမှတ်(၂) မှ မြန်မာရွေ့ပြောင်းအလုပ်သမား(၄၀၀၀) ခန့် ယနေ့ ဝင်ရောက်ခဲ့ပြီး စောင့်ကြည့်လူနာနှင့် သံသယလူနာလည်းမရှိကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ညွန်ကြားချက်အရ ယနေ့ည ၁၂ နာရီ အချိန်ထိ လူဝင်လူထွက်များကို လက်ခံပေးသွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ထိုင်းအာဏာပိုင်များက လာမည့် ၂၃ ရက်နေ့မှစတင်ပြီး အသွားအလာများ ပိတ်ပင်ကန့်သတ်မည်ဖြစ်ရာ ယင်းရက်မတိုင်ခင်အချိန်အထိ ထိုင်းရောက် မြန်မာအလုပ်သမားများ ထောင်ချီ၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ခရိုင်အုပ်ချုပ်ရေးမှူးက ကုန်စည်သယ်ယူပို့ဆောင်သောယာဉ်နှင့် Coronavirus Disease CONVIC-19 စစ်ဆေးခံပြီးသော ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦးမှ အပ နယ်စပ်ဂိတ်များမှတစ်ဆင့် လူဝင်လူထွက်များကိုတ်လ(၂၃)ရက်မှ စတင် ပိတ်ပင်မည်ဖြစ်ပြီး ကူးစက်ရောဂါ ထိန်းချုပ်ရေးကောင်းမွန်သည့်စိတ်ချရသည့်အထိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

“ချစ်ကြည်ရေးတံတား(၁)နဲ့ အခြားဂိတ်တွေ ပိတ်ထားပါတယ်၊ ချစ်ကြည်ရေးတံတား(၂)မှာတော့ လူ(၄)ထောင်လောက်ဝင်ပါတယ်။ အခုအချိန်ပါ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ ည(၁၂)လောက်အထိ ဟိုဘက်ကမ်းကနေ ဝင်တဲ့လူရှိရင် ပြန်လည်ကြိုဆိုလက်ခံပေးဖို့ ကျွန်တော်တို့ကို ညွန်ကြားထားပါတယ်၊အဖွဲ့စုံကနေ အခုအချိန်အထိ အမှတ်(၂)ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်း BGF ဇုန်ထဲမှာ အခုအချိန်အထိ ရှိနေပါတယ်၊ ဆေးစစ်ချက်တွေထဲမှာတော့ စောင့်ကြည့်လူနာလည်းမရှိဘူး၊ သံသယလူနာလည်းမရှိဘူး”ဟု မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် နယ်စပ်ဂိတ်များကို မတ်လ(၁၉)ရက်မှစတင်ကာ ယာယီပိတ်ထားလိုက်ပြီ ချစ်ကြည်ရေးတံတားအမှတ်(၂)သို့ ပြောင်းလဲလိုက်သည့်အချိန်တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများဝင်ရောက်မှုများ ထိုင်းနိုင်ငံဘက်အခြမ်းတွင် များပြားခဲ့ပြီး၊ ကိုယ်ပူချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ Immigration ဝင်ခွင့်ပြုကြောင်း သိရသည်။

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာစည်သူအောင်နှင့် ဝန်ထမ်းများ နှင့် ကရင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းများမှ မြဝတီနယ်စပ်ဂိတ်တွင် ကျန်းမာရေး စစ်ဆေးမှု ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် မြဝတီနယ်စပ်ဂိတ်မှ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစီစစ်ချက်လက်မှတ်ဖြင့် လက်ခံဆောင်ရွက်ပေးနေပြီး၊ အမည်၊ အသက် ၊ မြန်မာနိုင်ငံတွင် နေထိုင်သည့်လိပ်စာ၊ ရပ်ကွက်၊ ကျေးရွာ၊ တိုင်းနှင့်ပြည်နယ်၊ ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်၊ ပြည်ပတွင်နေထိုင်သည့်နေရပ်လိပ်စာအပြည့်အစုံ၊ (၁၄) ရက်အတွင် ဖျားနာခြင်းရှိမရှိ ကောက်ခံကာ ဆောင်ရွက်နေကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts