ဒုတိယဗိုလ်မှူးကြီးပြည့်စုံအောင်က တရားလိုလုပ်၍ ရခိုင်အမတ် ဦးမောင်ကျော်ဇံနှင့်ရိုက်တာသတင်းဌာနကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲ၊ တရာရုံးကို သြဇာမလွှမ်းမိုးဖို့ တောင်းဆို

ဒုတိယဗိုလ်မှူးကြီးပြည့်စုံအောင်က တရားလိုလုပ်၍ ရခိုင်အမတ် ဦးမောင်ကျော်ဇံနှင့်ရိုက်တာသတင်းဌာနကို ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲ၊ တရာရုံးကို သြဇာမလွှမ်းမိုးဖို့ တောင်းဆို
By ရန်ကုန်ခေတ်သစ်
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံနှင့် ဆက်သွယ်မေးမြန်းချက်
တပ်မတော်၏ ပစ်ခတ်မှုကြောင့် မွတ်စလင် အမျိုးသမီး ၂ ဦး သေဆုံးသည်ဆိုသော သတင်းကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီး ယင်းဖော်ပြမှုကြောင့် တပ်မတော်က ရိုက်တာသတင်းဌာနနှင့် ယင်းသတင်းကို အသိပေး ဖြေဆိုခဲ့သူ ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့ကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ စစ်တပ်က တရားစွဲထားတဲ့ အပေါ် ဘယ်လိုမြင်လဲ။
ဖြေ။ ။ တရားစွဲတာကိုတော့ အမြင်သဘောထားတွေ ဘာမှမပြောလိုဘူး။ တရားစွဲတာကို တရားကို ရင်ဆိုင်သွားမှာပေါ့။ အမှုရင်ဆိုင်ဖို့လည်း ပြင်ဆင်ထားတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နာခံသွားမှာပေါ့။ သူတို့ကို နောက်တစ်ခါ စကားတစ်ခုပြောလိုက်ရင် နောက်အမှု တစ်ခါဖြစ်နေဦးမှာပဲ။
မေး။ ။ တရားစွဲတဲ့ထဲမှာ ရိုက်တာက သတင်းဌာနပါနေတော့…။
ဖြေ။ ။ ကျွန်တော်ပြောတာကတော့ ကင်းတောင်ရွာမှာ ဇန်နဝါရီ ၂၅ရက်နေ့က လက်နက်ကြီးကျပြီးတော့ မွတ်စလင်( ဘင်္ဂါလီ) အမျိုးသားသမီးနှစ်ယောက်သေတယ်။ သေပြီးနောက် ၇ယောက် ဆေးရုံတက်ရတယ်။ အဲဒီသတင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်နဲ့ ရိုက်တာ သတင်းဌာနနဲ့ အမေးအဖြေလုပ်တယ်။ အဲဒါကို ရိုက်တာသတင်းဌာနက သတင်းတင်လိုက်တာ အဲကိစ္စပေါ့။
မေး။ ။ အမှု စပြီးစွဲတာ ဘယ်နေ့ကလဲ။
ဖြေ။ ။ အမှုစစွဲတာကတော့ အခုနှစ် ၃လပိုင်း ၅ရက်နေ့က…။
မေး။ ။ ဘယ်ရဲစခန်းမှာ ဖွင့်တာလဲ။ ဘယ်တရားရုံးမှာ အမှုတင်မှာလဲ။
ဖြေ။ ။ ဘူးသီးတောင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်တာပေါ့။ တရားရင်ဆိုင်ရတာကတော့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ရမှာ။
မေး။ ။ ဘယ်သူက တရားလိုလုပ်ပြီးတော့ စစွဲတာလဲ။
ဖြေ။ ။ တရားလိုကတော့ ဘူးသီးတောင်မြို့နယ် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနက ဒုဗိုလ်မှူးကြီး ပြည့်စုံအောင်ပေါ့။
မေး။ ။ တရားစွဲဆိုဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးလွှတ်တော် ဥက္ကဋ္ဌကိုလည်း စာတင်ထားတယ်ဆို အဲအခြေအနေကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ အဲဒါကတော့ ရဲလမ်းကြောင်းက တင်လိုက်တာ…။ သူတို့တင်တာပဲ။
မေး။ ။ သတင်းဌာနကို ဘယ်လိုဖြေထားလို့ တရားစွဲခံရတာလဲ။
ဖြေ။ ။ မွတ်စလင်(ဘင်္ဂါလီ) အမျိုးသမီးနှစ်ယောက်သေတာနဲ့ ၇ယောက်ဒဏ်ရာရတယ်ဆိုတာ တပ်ရင်းတစ်ခုက ပစ်လို့သေတယ်ဆိုတာကို ဦးမောင်ကျော်ဇံက ပြောထားတယ်ဆိုတဲ့ စကားလုံးပါတယ်။ အဲဒီကိစ္စနဲ့ စွဲတယ်လို့ပြောတယ်။
မေး။ ။ ဘာများဖြည့်စွက်သုံးသပ်ချင်တာရှိလဲ။
ဖြေ။ ။ တရားရုံးမှာ တရားရင်ဆိုင်နေတဲ့အချိန် တရားရုံးကို ပြင်မဖိအားတွေ မပေးဖို့ သြဇာလွှမ်းမိုးမှုတွေ မလုပ်ဖို့ တောင်းဆိုချင်တယ်။
www.khitthitnews.com
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ