All News Local News

ထောက်ကြန့်တွင် အင်္ဂလန်ပြန် အမျိုးသမီးတစ်ဦး Home Quarantine ၁၄ ရက်မပြည့်မီ အပြင်ထွက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်၍ သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းရ

ထောက်ကြန့်တွင် အင်္ဂလန်ပြန် အမျိုးသမီးတစ်ဦး Home Quarantine ၁၄ ရက်မပြည့်မီ အပြင်ထွက်သည်ဟုဆိုကာ လူစုလူဝေးဖြစ်၍ သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းရ

ရန်ကုန်၊ မတ် ၂၆

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ နေအိမ်တစ်ခုတွင် အင်္ဂလန်ပြန်အမျိုးသမီးငယ်တစ်ဦး Home Quarantine အချိန် ၁၄ ရက်မပြည့်မီ အပြင်ထွက်သည်ဟုဆိုကာ မတ်လ ၂၅ ရက်နေ့ ညပိုင်းက လူစုလူဝေး ဖြစ်ပေါ်ပြီး ဆေးရုံပို့ရန် တောင်းဆိုမှုများဖြစ်ပေါ်ခဲ့ကာ သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းခဲ့ရကြောင်း မင်္ဂလာဒုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ က ထောက်ကြန့်လမ်းဆုံရှိ နဂါး ၂ ကောင် ရွှေဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူသည် အင်္ဂလန်မှပြန်လာပြီး နေအိမ်တွင် ၁၄ ရက်နေထိုင်ရန် လေဆိပ် ကျန်းမာရေးအရာရှိက ညွှန်ကြားခဲ့ကြောင်း၊ သို့ရာတွင် အမျိုးသမီးငယ်က ဈေးဆိုင်တွင် ရှိနေမှုကို အကြောင်းပြု၍ ကောလာဟလ မျိုးစုံထွက်ပေါ်လာပြီး ညပိုင်းတွင် လူစုလူဝေးဖြစ်ပေါ်ကာ ထိုအမျိုးသမီးကို ဆေးရုံသို့ ပို့ရန် တောင်းဆိုကြကြောင်း၊ နောက်ဆုံးတွင် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများရောက်ရှိလာပြီး အမျိုးသမီးငယ်ကို ဆေးစစ်မှုများဆောင်ရွက်ခဲ့ကာ လူစုခွဲခဲ့ကြောင် သိရှိရသည်။

“နဂါးညီနောင် ရွှေဆိုင်ပိုင်ရှင်ရဲ့ သမီးပေါ့။ သမီးက ပြန်လာပြီးတော့ သူတို့က ထောက်ကြန့် လမ်းမပေါ်မှာ နေတယ်။ ဆိုင်ခန်းလည်း ဖွင့်ထားတယ်။ အိမ်ပေါ်မှာတော့ အိမ်လို လုပ်နေတယ်ပေါ့။ လုပ်ထားတော့ သူ့သမီးက ဆင်းပြီးတော့ ဈေးရောင်းတယ်ပေါ့။ ဈေးရောင်းတော့ လူတွေက အင်္ဂလန်က ပြန်လာပြီးတော့ ဈေးရောင်းရမလားပေါ့။ နောက်ကျတော့ ဘယ်လိုတွေ ဖြစ်လာလဲဆိုတော့ ဆေးအစစ်မခံဘဲ ထွက်ပြေးလာတယ်ဆိုပြီး လျှောက်ဖွတာပေါ့။ ကျန်းမာရေးဌာနနဲ့တော့ စစ်ဆေးထားတယ်။ သူ့မှာလည်း အားနည်းချက်က ဘယ်လိုဖြစ်သွားလဲဆိုတော့ ၁၄ ရက် သူ့ကို စောင့်ကြည့်ရမယ်။ စောင့်ကြည့်ရမယ်ဆိုတဲ့အချိန်မှာ သူအိမ်ထဲမှာ နေပေါ့။ မနေဘဲနဲ့ လူလုံးပြတော့ အဲဒါက သူ့အားနည်းချက်ပေါ့။ အဲဒီလို ပြဿနာတက်တော့ ဒီဘက်ကလည်း လူအုပ်နဲ့လာတော့ ဆေးအစစ်မခံဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ် ရန်တွေဖြစ်ကုန်ကြရော။ အဲဒီမှာ သူတို့ဘက်ကလည်း ဓားနဲ့ခုတ်မယ်တွေ ဖြစ်ကုန်ရော စုံနေတာပဲ။ အပြိုင်အဆိုင် ပြောကြတာ။ ကြီးကြီးမားမား မဖြစ်ဘူး။ ကျနော်တို့ ရှင်းနိုင်ပါတယ်။ လူအုပ်နဲ့သာ ဖြစ်တယ်ဆိုပေမယ့် ဘာမှ ကြီးကြီးမားမား မဖြစ်သွားပါဘူး” ဟု မင်္ဂလာဒုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။

လက်ရှိတွင် မင်္ဂလာဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်အရ အင်္ဂလန်ပြန်အမျိုးသမီးသည် နေအိမ်တွင်ပင် ၁၄ ရက်တိတိ စောင့်ကြပ်နေထိုင်ရမည်ဖြစ်ပြီး အပြင်ထွက်ခွင့်မရှိကြောင်း၊ အပြင်ထွက်မည်ဆိုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး သက်ဆိုင်ရာ ရဲအစောင့်ချထားရန်လည်းရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒေသန္တရ မြို့နယ်ဆရာဝန်နဲ့ ဆွေးနွေးပြီးသွားပြီ။ သူတို့က လေယာဉ်ကွင်းမှာ ၁၈ ရက်နေ့က ပြန်ရောက်တယ်။ လေယာဉ်ကွင်းမှာ အထူးကုဆရာဝန်ရှိတယ်။ သူတို့က ကျန်းမာရေးစစ်ဆေးမှု အကုန်လုပ်တယ်။ စောင့်ကြည့်ရမယ်သူဆိုရင် ဘယ်သွားရမယ်ပေါ့ ပြောတယ်။ ဒီကောင်မလေးက အိမ်ပြန်ပြီး အိမ်မှာ စောင့်ကြည့်တဲ့ စနစ်ကို ကျင့်သုံးပေးတာပါ။ လေယာဉ်ကွင်းက ဆုံးဖြတ်တာ။ အိမ်မှာ သီးသန့်နေရမှာပေါ့ ။ အပြင်ထွက်တယ်ဘာညာဆိုရင်တော့ ဖမ်းလို့ရတယ်။ ရဲပါ ချထားမယ်ပြောတယ်။ ရဲကို တိုင်လိုက် အပြင်ထွက်တယ်ဆိုရင် ၆ လအချုပ်ထဲမှာ နေရမယ်။ အဲဒီလို ထားမယ်လို့ ပြောတယ်။ အပြင်ထွက်ရင်တော့ ဖမ်းမယ်လို့ ပြောထားတယ်။ သူက အိမ်မှာ စောင့်ကြည့်ထဲမှာ ပါတာ” ဟု ဦးထွန်းထွန်းဝင်းက ရှင်းပြသည်။

အင်္ဂလန်ပြန် အမျိုးသမီးကမူ ထောက်ကြန့်မြို့နေ မြို့သူမြို့သားများဟု ခေါင်းစဉ်တပ်ကာ ၎င်းအနေဖြင့် အဖျားလည်းမရှိသကဲ့သို့ အပြင်လည်းမထွက်ကြောင်း၊ ကျန်းမာရေးဌာနနှင့်စစ်ဆေးခံမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြန်လည် ရှင်းလင်းပြောဆိုထားသည်။

“သမီးက UK ကပြန်လာတဲ့လူပါ။ သမီးက ၁၈ ရက်နေ့ကတည်းက ရောက်နေတာဖြစ်ပါတယ်.။တီးတိန်ကလူက ၁၃ ရက်နေ့ရောက်တာပါ။ တီးတိန်က အမေရိကန်က ဖြစ်ပြီး သမီးက အင်္ဂလန်ကပါ။ positive ဖြစ်နေတဲ့ ကျန် လူနာ ၂ ယောက်နဲ့လည်း လေယာဉ်ချိန်မတူပါဘူး။ သမီးပြန်လာတုန်းက quarantine လည်း မရှိသေးပါဘူး။ ၂၂ ရက်နေ့ကမှ quarantine စ တာပါ။ သမီးလည်း စိုးရိမ်လို့ ပြန်လာတဲ့ရက်ကတည်းက အိမ်မှာပဲ နေတာပါ။ အပြင်မထွက်လို့ ပြန်ရောက်နေတာ သူငယ်ချင်းတွေတောင် မသိကြပါဘူး။ ရောက်ကတည်းက ရပ်ကွက်ရေးမှူးကို သတင်းပေးထားသလို မနေ့ညကလည်း ထပ်ပြီး သတင်းပို့ပါတယ်။ ကျန်းမာရေးမှူးကိုလည်း လာစစ်ခိုင်းပါတယ်။ သမီး ဖျားလည်း မဖျားပါဘူး။ နေအရမ်းကောင်းပါတယ်။ဒီထက်ပိုပြီး အနှောင့်အယှက် မပေးကြဖို့ မေတ္တာရပ်ခံပါတယ်။သမီးလည်း နဂိုကတည်းက စာတွေနဲ့ စိတ်ပင်ပန်းနေတာ မလို့ပါ။ နိုင်ငံကို အရမ်းလွမ်းလို့ ပြန်လာတာပါ။ အခုလို မကြိုဆိုကြတာတွေ့ရတော့ စိတ်မကောင်းအရမ်းဖြစ်ရပါတယ်။ ဒီထက်ပိုပြီး စိတ်ပင်ပန်းအောင် ထပ်မလုပ်ကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်. လူသားချင်း သားသမီးချင်း စာနာပေးကြဖို့ ထပ်ပြီး တောင်းပန်ပါတယ်။ စိတ်မပူကြပါနဲ့။ လူစုလူဝေးက ပိုပြီး ရောဂါပိုး ပျံ့စေနိုင်လို့ မိမိအိမ်မှာပဲ နေစေလိုပါတယ်။ ဖျားခဲ့သည်ရှိသော် quarantine သွားဖို့ အသက်နဲ့ ထပ်တူ ကတိပြုပါတယ်။ ဒီနေ့ အစစ်ခံဖို့ ကျန်းမာရေးမှူးကို ခေါ်ပါတယ်။ ဆရာမက အဝေးပြေးဂိတ်မှာ စစ်ဆေးပေးနေရလို့ မအားလို့ လာမစစ်နိုင်တာပါ။ လာဘ်လည်း မထိုးပါဘူး။ ညမှာတော့ အားလုံး ဆန္ဒအတိုင်း သမီး အစစ်ခံလိုက်ပါတယ်။ အပူချိန်က 98.7degree F ရှိပါတယ်။ သာမန်အပူချိန်ပါ။မယုံရင် ကျန်းမာရေးမှူးကို သွားမေးလို့ရပါတယ်။ အားလုံးကို ကျေးဇူးပါ” ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com