Editorial political news

ထိုင်းမှပြန်လာသော မြန်မာအားလုံးကို သွားလာကန့်သတ် စောင့်ကြည့်ရန် ဘင်္ဂလားဒေ့ရှ်စနစ်ကို အတုယူသင့်

အယ်ဒီတာ့အာဘော်

ထိုင်းမှပြန်လာသော မြန်မာအားလုံးကို သွားလာကန့်သတ် စောင့်ကြည့်ရန် ဘင်္ဂလားဒေ့ရှ်စနစ်ကို အတုယူသင့်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မြန်မာအစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ်လ ၂၂ ရက်နေ့ နပြည်တော်တွင် ကျင်းပပြုလုပ်သော ကော်ရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အစည်းအဝေးတွင် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားအားလုံးကို သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကို မဖြစ်နိုင်ဘဲ ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောဆိုသွားသည်။

ကျန်းမာရေးဝန်ကြီးအနေဖြင့် ဆက်လက်ပြောဆိုရာတွင် Home Quarantine အတွက် ထိုင်းမှ ပြန်လာသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်တာကာလအထိ နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ပါကြောင်း၊ နေအိမ်များတွင် အသွားအလာကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ပါကြောင်း ပြောဆိုသွားသည်။

ထောင်သောင်းချီသော ပြည်ပမှ ပြန်လာသည့် မြန်မာများသည် မြန်မာလူမှုအသိုင်းအဝိုင်းတွင်သို့ ပြန်လည် နေထိုင်ကြမည်ဖြစ်ရာ ၎င်းတို့ကို ခွဲခြားရန် ခက်ခဲ့သကဲ့သို့ အမှန်တကယ် ညွှန်ကြားချက်လိုက်နာမှု ရှိ၊ မရှိကိုလည်း စိစစ်ရန် ခက်ခဲလွန်းလှသည်။ အကယ်၍ နေအိမ်တွင် ၁၄ ရက်အသွားအလာ ကန့်သတ်နေထိုင်ခြင်းမရှိဘဲ ချိုးဖောက်သူများလည်းရှိနိုင်သည်။ ၎င်းတို့ကို စောင့်ကြည့်မည့် လွယ်ကူ ထင်သာမြင်သာသော စနစ်တစ်ခုကို တည်ဆောက်သင့်သည်။

အဆိုပါအခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဥပမာတစ်ခုကို တင်ပြလိုပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်ပမှ ပြန်လာသူများကို နေအိမ်တွင် အသွားအလာ ကန့်သတ်နေထိုင်ရန် Home Quarantine စနစ်တစ်ခုကို တည်ဆောက်ထားပြီး ယင်းစနစ်မှာလည်း အလုပ်ဖြစ်သည့် အခြေအနေရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများက ဆိုသည်။

အဆိုပါ စနစ်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြည်ပမှ ပြန်လာသူများအားလုံးကို နေအိမ်တွင် ကန့်သတ်နေထိုင်ရန် မြင်သာထင်သာရှိသော မင်တံဆိပ်များ လက်တွင် ရိုက်နှိပ်ပေးလိုက်ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်ပမှ ပြန်လာသူများအားလုံးကို နေအိမ်တွင် ကန့်သတ်နေထိုင်မှုများ လုပ်ဆောင်ရန်အတွက် ထင်သာမြင်သာ ရှိသော မင်တံဆိပ်များကို လက်ပေါ်တွင် ရိုက်နှိပ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။

အဆိုပါစနစ်ကို မတ်လ ၂၁ ရက်နေ့တွင် စတင်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ ပြည်ပမှ ပြန်လာသူများ၏ လက်ပေါ်တွင် နေအိမ်တွင် ကန့်သတ်နေထိုင်ရမည့် (home quarantine) အချိန်များနှင့်တကွ အတိအကျ ရေးသား ရိုက်နှိပ်ပေးလိုက်ခြင်းဖြင့် ကန့်သတ်နေထိုင်မှု ပြုလုပ်ခြင်းများ အလွယ်တကူ မချိုးဖောက်စေရန် ရည်ရွယ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ကော်ရိုနာဗိုင်းရပ်စ်ပြန့်ပွားကူးစက်မှု ကာကွယ်ရန်အတွက် နေအိမ်တွင် ကန့်သတ်နေထိုင်ရမည့် ပြည်ပမှ ပြန်လာသူများကို တင်းကျပ်စွာ ကိုင်တွယ်နေပြီး ကန့်သတ်နေထိုင်ရန် ချိုးဖောက်သူများကို လွန်ခဲ့သော ရက်ပိုင်းအတွင်းက အရေးယူ အပြစ်ပေးမှုများ ဆောင်ရွက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်လူဝင်မှုကြီးကြပ်ရေးအကြီးအကဲ Ismail Hossain က ပြည်ပမှ ပြန်လာသူများကို လက်တွင် နေအိမ်တွင် ကန့်သတ်နေထိုင်ရမည့် မင်တံဆိပ် ရိုက်နှိပ်ခြင်းစနစ်ကို လက်တွေ့ကျကျ စတင်လိုက်ခြင်းဖြစ်ပြီး ယင်းစနစ်က အဆိုပါ ကန့်သတ်နေထိုင်ရမည့်သူများ အပြင်သို့ ထွက်ခွာပါက အလွယ်တကူ သိရှိနိုင်မည်ဖြစ်ကြောင်း၊ လက်တွင် ရိုက်နှိပ်ထားသော မင်တံဆိပ်တွင် နေအိမ်တွင် ကန့်သတ်နေထိုင်ရမည့် အချိန်ကို ပါ တစ်ပါတည်း ရိုက်နှိပ်ထားကြောင်း သိရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ထောင်သောင်းချီ ပြန်ဝင်လာနိုင်သော မြန်မာအလုပ်သမားများ၏ နောက်ကြောင်းရာဇဝင်များကို On paper မှတ်တမ်းတင်ပြီး ဌာနများအကြား ချိတ်ဆက်ေ စာင့်ကြည့်ရန် လိုအပ်သကဲသို့ လူမှုအသိုင်းအဝိုင်းကလည်း အဆိုပါ ပြန်လာသူများကို အလွယ်တကူ ခွဲခြားနိုင်သော Home Quaratine မင်တံဆိပ်ကို လက်တွင်ရိုက်နှိပ်သည့် စနစ်ကိုလည်း အမြန်ဆုံး အတုယူ အကောင်အထည်ဖော်သင့်ပါသည်။

အဆိုပါ လက်တွင် ရိုက်နှိပ်မည့် မင်တံဆိပ်များသည် အလွယ်တကူ မဖျက်နိုင်သော မင်များ ဖြစ်ရန်လည်း အရေးကြီးလှသည်။

ကော်ရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးရေးသည် အာဏာပိုင်များတွင်သာမက လူထု၊ လူ့အဖွဲ့အစည်းအားလုံးတွင်လည်း တာဝန်ရှိရာ Home Quarantine လုပ်ရမည့်သူများကို အမှန်တကယ် Home Quaratine ဖြစ်လာစေရေး ထင်သာမြင်သာရှိအောင် ခွဲခြားနိုင်သည့် စနစ်ရှိရန် အလွန်အရေးကြီးနေပါကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက မီးမောင်းထိုးပြလိုက်ပါကြောင်း။

Photo Credit – bdnews24

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts