All News Local News

ထိုင်းပြန် မြန်မာများအားလုံးကို အသွားအလာကန့်သတ်ခြင်း (facility quarantine) စောင့်ကြည့်ရန် မဖြစ်နိုင်ဟု ဝန်ကြီးဒေါက်တာမြင့်ထွေးပြော

ထိုင်းပြန် မြန်မာများအားလုံးကို အသွားအလာကန့်သတ်ခြင်း (facility quarantine) စောင့်ကြည့်ရန် မဖြစ်နိုင်ဟု ဝန်ကြီးဒေါက်တာမြင့်ထွေးပြော
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော မြန်မာအလုပ်သမားအားလုံးကို သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကို မဖြစ်နိုင်ဟု ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေးပြောဆိုလိုက်သည်။

ယနေ့၊ ညနေ (၅း၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၈/၂၀၂၀) တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေသည် ပိုမိုမြင့်မားလာပါကြောင်း၊ ပြန်လည်ဝင်ရောက်လာကြသူများသည် အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဝန်ကြီးက ပြောဆိုသည်။

Home Quarantine အတွက် ထိုင်းမှ ပြန်လာသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာလိုက်နာကာ (၁၄) ရက်တာကာလအထိ နေအိမ်တွင် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ပါကြောင်း၊ နေအိမ်များတွင် အသွားအလာကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့် မြန်မာအလုပ်သမားများ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ၎င်းက ပြောဆိုထားသည်။

မြန်မာ-ထိုင်း နယ်စပ်ဂိတ်ဖြစ်သည့် မြဝတီ ချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ယနေ့ မြန်မာရွေ့ပြောင်းအလုပ်သမား(၄၀၀၀) ခန့် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။

Photo Credit – MOHS

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts