All News Health Local News

ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာတချို့ ချောင်းဆိုး၊ဖျားနာ၍ ကော်ရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ် စောင့်ကြည့်မှုများ စတင်

ထိုင်းနိုင်ငံမှ ပြန်လာသော မြန်မာတချို့ ချောင်းဆိုး၊ဖျားနာ၍ ကော်ရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ် စောင့်ကြည့်မှုများ စတင်

ရန်ကုန်၊ မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ဆိတ်ချိုအုပ်စု စံကျော်နက်ကျေးရွာနေ ထိုင်းနိုင်ငံမှ ပြန်လာသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ကော်ရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ပျော်ဘွယ်မြို့နယ် ရန်အောင်တိုက်နယ်ဆေးရုံရှိ သီးသန့်အခန်းတွင် စောင့်ကြည့်ကုသပေးနေကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မာလာ က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ထိုင်းက ပြန်လာတာပါ၊ရွာကတော့ စံကျော်နက်ကျေးရွာဆိုတော့ ရန်အောင်ကျေးလက်ဌာနပေါ့၊ ဝန်ကြီးဌာနရဲ့ လမ်းညွန်မှုအတိုင်း ကုသမှုပေးရပါတယ်၊ ဓါတ်ခွဲနမူနာတွေကိုလဲ ဒီညပဲ ဝန်ထမ်းကိုယ်တိုင်ပဲသွား ပို့ပါမယ်၊ မနေ့က တိုက်နယ်ဆေးရုံလာပြလို့ ကျွန်မတို့ဆီသတင်းပို့ပြီးတော့ စောင့်ကြည့်လူနာအဖြစ်တင်ထားတာပါ၊ ဟုတ်ပါတယ် ဒီနေ့ယူတာ၊ ကျွန်မတို့က အဆင့်ဆင့်သတင်းပို့တယ်၊ နမူနာယူဆိုရင် ယူတယ်၊ ယူပြီးတော့ ဒီညသွားပို့ပြီ၊ လက်ရှိတိုက်နယ်ဆေးရုံရဲ့ isolation ward (သီးသန့်ခန်း)မှာထားပါတယ်၊ ပျော်ဘွယ်မှာတော့ စောင့်ကြည့်လူနာအဖြစ် ပထမဆုံးပဲ” ပျော်ဘွယ်မြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မာလာ ကပြောသည်။

အဆိုပါ စောင့်ကြည့်လူနာသည် မတ်လ(၁၄)ရက်နေ့က ထိုင်းနိုင်ငံမှ စံကျော်နက်ကျေးရွာသို့ ပြန်လာခဲ့ပြီး မတ်လ(၁၉)ရက်တွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်းများ ခံစားနေရသည့်အတွက် ရန်အောင်တိုက်နယ်ဆေးရုံသို့ မတ်လ(၂၁)ရက် နေ့လယ်ပိုင်းတွင် လာရောက်ကာ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ကော်ရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ မတ်(၂၂) ရက်နေ့တွင် လူနာထံမှ ဓါတ်ခွဲနမူနာများယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) သို့ပေးပို့ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မတ်လ(၂၂)ရက်နေ့အထိ စောင့်ကြည့်လူနာ (၁၆)ဦးရှိနေပြီး၊ ည(၁၀)နာရီ ခွဲအချိန်တွင် စောင့်ကြည့်လူနာ(၁၀)ဦး၏ ဓါတ်ခွဲခန်းအဖြေများတွင် ကော်ရိုနာဗိုင်းရပ်စစ် ရောဂါပိုး မရှိကြောင်း စစ်ဆေးချက်များအရသိရပြီး၊ ကျန် စောင့်ကြည့်လူနာ(၆)ဦးကို သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသပေးနေကာ ဓာတ်ခွဲခန်းအဖြေများရရှိပါက အချိန်နှင့် တပြေးညီထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် ပြည်ပမှပြန်လာသူများကို ရပ်ကွက်၊ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများမှ အကြောင်းကြားကာ ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်နေပြီး၊ ရပ်ကွက်၊ ကျေးရွာများတွင် ထူးခြားသည့် လက္ခဏာများတွေ့ရှိ ပါက မြို့နယ်ကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန် ညွန်ကြားထားကြောင်း သိရသည်။

အလားတူ မိတ္တီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်တွင် ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦး ချောင်းဆိုး ဖျားနာ၍ သံသယလူနာအဖြစ် သတ်မှတ်၍ စောင့်ကြည့်မှုများ စတင်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့၊ မျိုးဆက်သစ်မြတ်ပါရမီသွေးလှူရှင်ပရဟိတအသင်းက ထုတ်ပြန်ထားသည်။

မိတ္တီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးသည် မတ်လ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဟိုင်ရန်မြို့မှ ပြန်လည်ရောက်ရှိလာကြောင်း၊ မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး ချောင်းဆိုးခြင်းကို ၄ ရက်၊ ဖျားနာခြင်းကို ၇ ရက်တိတိ ခံစားနေရကြောင်း၊ ထို့ကြောင့် လူနာအား နေအိမ်မှ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ သံသယလူနာအဖြစ်သတ်မှတ်၍ စောင့်ကြည့်မှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts