interview Peace political news

တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဆိုသော ဦးမောင်စိုးလွင်သေဆုံးမှု အပေါ် ဇနီး ငယ်မချေ ပြောကြားချက်

တပ်မတော်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဆိုသော ဦးမောင်စိုးလွင်သေဆုံးမှု အပေါ် ဇနီး ငယ်မချေ ပြောကြားချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတချို့အနက်မှ ၄ ဦးကို အလောင်းပြန်လည် တူးဖော်ရရှိကြောင်း မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောဆိုသည်။ ထိုအထဲတွင် ရွှေလှံကျေးရွာမှ ဦးမောင်စိုးလွင်လည်း ဖမ်းဆီးခေါ်ဆောင်ခံရပြီး သေဆုံးသွားရာ သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူ ငယ်မချေကို ရန်ကုန်ခေတ်သစ်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဦးမောင်စိုးလွင် သေဆုံးမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိချင်လို့ပါ။ ဘယ်လိုဖြစ်သလဲ။

ဖြေ။ ။ ဒီလိုပါ မနေ့က ၇ နာရီခွဲက ဖြစ်တာ။ ၇ ခွဲလောက်ဖြစ်တော့ ကျမတို့က ကိုယ်လွတ်ပြေးပါတယ်။ ကလေးနှစ်ယောက်နဲ့ ။ ကျမယောင်္ကျားက ကျောင်းကို ပြေး ၊ ကျောင်းကိုပြေးလို့ပြောပါတယ်။ အခုပြောနေတာ မောင်စိုးလွင်မိန်းမပါ။ ပစ်ခတ်မှုတွေဖြစ်တော့ ကျောင်းကို ပြေး ကျောင်းကိုပြေးလို့ ပြောပါတယ်။ ကျမတို့ သမီးအပျိုပေါက်မလေးက လက်ဖက်ရည်ဝယ်ဖို့ ဆိုင်မှာစောင့်နေပြီးတော့ ကျမတို့အလာမှာ သူလည်း ပြေးပါတယ်။ ပြေးတာနဲ့ လိုက်ပစ်ပါတယ်။ လိုက်ပစ်တာနဲ့ သူက အိမ်တစ်အိမ်ကို ဝင်ပြီးပြေးတယ်။ သူရဲ့ လက်နှစ်ချောင်းမှာလည်း ကြိုးတွေချည်လို့ပါ။

မေး။ ။ ပစ်တယ်ဆိုတာက ဘယ်သူက ပစ်တာလဲ။ ဘယ်အဖွဲ့က ပစ်တာလဲ။

ဖြေ။ ။ သူ့ကို စစ်တပ်က ပစ်တာပါ။ စစ်တပ်က ကားတွေနဲ့ ပြေးလို့လာပါတယ်။ ကျမတို့ မြောင်းဘွေခရိုင်၊ ရွှေလှံကျေးရွာကပါ။ မနေ့ နံနက် ၇ နာရီခွဲကပါ ။ ဝင်ပြီးလိုက်ဖမ်းပါတယ်။ ဖမ်းပြီးတော့ လည်မျိုကို တစ်ချက်ပစ်ပါတယ်။ သူ့ကို ကျမတို့ ကျောင်းသွားတဲ့ ဥယျာဉ်ခြံရှိပါတယ်။ ဥယျာဉ်ကို ပြေးတာပါ။ ဥယျာဉ်ကို ပြေးတာမှာ လိုက်လို့ ပစ်တာပါ။ ပစ်ပြီးတော့ လဲကျသွားပါတယ်။ ကျမတို့ကိုလည်း ကလေးကို ယူပြီးတော့ ကျောင်းကို ပြေး၊ ကျောင်းကိုပြေးလို့ ပြောပါတယ်။

မေး။ ။ ဦးမောင်စိုးလွင်က ပစ်ခံရပြီး လဲကျသွားတဲ့အချိန်မှာ ဆုံးသွားတာလား။

ဖြေ။ ။ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ သတ်ပြီးခါမှ မြေမြှုပ်သွားတာပါ။

မေး။ ။ ဘယ်မှာ မြှုပ်ထားတာလဲ။

ဖြေ။ ။ ဥယျာဉ်ထဲမှာပါ။ ကျမတို့နဲ့ ပေ ၂၀၀ လောက်အကွာမှာ မြှုပ်ထားတာပါ။

မေး။ ။ အလောင်းမြေမြှုပ်ထားတာ ဘယ်တုန်းက တွေ့တာလဲ။

ဖြေ။ ။ မနေ့ ညနေ ၂ နာရီခွဲက တွေ့တာပါ။ ကျမတို့နဲ့ ပေ ၂၀၀ လောက်ဝေးပါတယ်။ ကျမတို့အိမ်က အာရှလမ်းထိပ်မှာပါ။ အာရှလမ်းမက ပေ ၂၀၀ လောက် အကွာအဝေးမှာ တွေ့ပါတယ်။ သူ့ဒဏ်ရာ လည်မျိုကို ပစ်ထားတာပါ။ လည်ချောင်းကို တစ်ချက်ပစ်ထားပြီး နို့အုံကို တစ်ချက်ပစ်ထားပါတယ်။ နောက်ပြီးရင် မြှုပ်တဲ့နေရာမှာ တွင်းမနက်လို့ လည်ချောင်းကို ခြေဖနောင့်နဲ့ တက်နင်းထားပြီး လည်ချောင်းကျိုးသွားပြီး ကုတ်ကျိုးသွားပါတယ်။

မေး။ ။ အလောင်းက သဂြိုလ်လိုက်ပြီလား။

ဖြေ။ ။ မနေ့က ညနေ ၂ နာရီခွဲက ရပါတယ်။ ရဲကို ဖုန်းဆက်တော့ ရဲကို အကြောင်းကြားပါတယ်။ ရဲကလည်း တစ်ခုမှလည်း သတင်းမမေးပါ။ လူကြီးတွေနဲ့ သဂြိုလ်လိုက်ပါတယ်။ သားသမီး ၅ ဦးကျန်ခဲ့ပါတယ်။ မောင်စိုးလွင်က အသက် ၄၇ နှစ်ပါ။ကျမတို့ အိမ်ကိုတက်ပြီး ရွှေ ၁ ကျပ်နဲ့ လက်ကောက် ၃ ကွင်းနဲ့ ……. ယူသွားပါတယ်။ ကျမချွေးမဟာပါ။ ငွေ ၇ သိန်း ပါ။ ဆိုလာပြားတစ်ချက်ကို ဖောက်ခွဲပစ်ပါတယ်။ နောက်တစ်ချက်ကို ယူသွားပါတယ်။ ဘက်ထရီအိုး ၂ လုံး ယူသွားပါတယ်။ ကျမတို့မှာ ထွေလာအစုတ်ကလေးနဲ့ လုပ်စားနေတာ ထွေလာအကောင်းကို ချပစ်ခဲ့ပါတယ်။ မတရားလုပ်တာပါလို့ ခံယူပါတယ်။

မေး။ ။ အမျိုးသား ဘာအလုပ်လုပ်သလဲ။ သူက AA တပ်ဖွဲ့ အတွက် အလုပ်လုပ်နေတာလား။ တပ်မတော်ဘက်က အမြဲပြောလေ့ရှိတာက AA နဲ့ ရွာသားရောနေတယ်။ ရွာသားတွေက AA ဖြစ်နေတယ်လို့ ပြောတယ်။ AA နဲ့ပတ်သက်နေလား။

ဖြေ။ ။ နေ့စားလုပ်စားတာ။ သူများဆီမှာ အငှားလုပ်တာပါ။ AA နဲ့ပတ်သက်မှု မရှိပါဘူး။ အမယောင်္ကျားက စိတ်ဝေဒနာရှင်ပါ။ AA ဆိုတာကို စိတ်လည်း မဝင်စားဘူး။ ကိုယ်လုပ်မှ ကိုယ်စားနေရတဲ့ဘဝပါ။ ဒါတွေကို စိတ်လည်း မဝင်စားဘူး။ သားသမီး ၅ ယောက်နဲ့ လုပ်စားနေရတာ။ တစ်ရက်လုပ်မှ တစ်ရက်စားနေရတာပါ။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာ၊ ရှမ်းတောင်တံတားအနီးတွင် တူးဖော်ရရှိခဲ့သည့် အလောင်း ၃ လောင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts