All News Local News

တပ်မတော်က တရားစွဲဆိုထားသော မြေသိမ်းခံ ကရင်နီတောင်သူ ၄၁ ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခံရသော်လည်း ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာ

တပ်မတော်က တရားစွဲဆိုထားသော မြေသိမ်းခံ ကရင်နီတောင်သူ ၄၁ ဦး ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခံရသော်လည်း ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာ

ရန်ကုန်၊ မတ်၁၃

တပ်မတော်တရားစွဲဆိုထားသော ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်တို့ရှိတောင်သူများကို ယနေ့ မတ်လ ၁၃ရက်နေ့တွင် အဆိုပါ မြို့နယ်များရှိ တရားရုံးများက တောင်သူလယ်သမား ၄၁ဦးကို ထောင်ဒဏ်များနှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုတူးရယ်ကပြောဆိုသည်။

ဒီမော့ဆိုမြို့နယ်တရားရုံးတွင် တပ်မတော်က တရားစွဲဆိုခံရသော တောင်သူ ၁၉ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှု ပုဒ်မ ၆(၁) အတွက် ထောင်ဒဏ် ၃လ၊ ပိုက်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ အတွက် ဒဏ်ငွေ ၁သောင်းချမှတ်ခဲ့ကြောင်း၊ လွိုင်ကာ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရသော တောင်သူ ၂၂ယောက်ကို ပုဒ်မ ၄၄၇ အတွက် ထောင်ဒဏ် ၁၅ရက် သို့မဟုတ် ဒဏ်ငွေ ၂သောင်း၊ ပုဒ်မ ၆(၁) အတွက် ထောင်ဒဏ် ၆လ သို့မဟုတ် ဒဏ်ငွေ ၂သောင်းတို့ချမှတ်ခဲ့ကြောင်းသိရသည်။

“ ဒီနေ့ အကုန်လုံးက ချုပ်ရက်စေ့ပြီးတော့ ပြန်လွတ်လာတယ်။ တချို့တောင်သူတွေကတော့ ဒဏ်တွေဆောင်လိုက်ကျတယ်။ ထောင်ထဲမှာ တောင်သူတွေ မရှိတော့ပါဘူး” ဟု ကိုတူးရယ်ကပြောဆိုသည်။

ထိုသို့ တောင်သူများပြန်လည်လွတ်မြောက်လာခြင်းကိစ္စနှင့် ပတ်သက်ပြီး တရားရုံးသို့ သွားရောက်ဝန်းရံသော ကရင်နီပြည် လူငယ်ခေါင်းဆောင် ကိုဒီးဒီက စစ်တပ်အနေဖြင့် တောင်သူများ၏ မြေများကို ပြန်လည်ပေးအပ်ရမည်ဟုပြောဆိုသည်။

“ ကျွန်တော်တို့ စစ်တပ်နဲ့ ဖြစ်တဲ့ အမှုတွေမှာ လယ်ယာမြေအမှုကတော့ ကျွန်တော်တို့တောင်သူတွေ နိုင်တာ မရှိဖူးဘူး။ အခုကမြေကို ဘယ်သူပိုင်တယ် မပိုင်ဘူးဆိုတာကို ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တရားစွဲခံရတဲ့ ဥပဒေပေါ်မှာ ဆုံးဖြတ်တယ်လို့ ယူဆတယ်။ ဘယ်လိုပဲဆုံးဖြတ်နေပါစေ။ သမိုင်းအရကြည့်မယ်ဆိုရင် စစ်တပ်ကနောက်မှ လာတယ်လေ။ ဒေသခံတွေက တစ်သက်လုံးလုပ်စားလာတာလေ။ တရားစွဲခံရတဲ့ထိ လုပ်စားလာတာဆိုတော့ ဒီမြေကတော့ ဘယ်လိုနည်းပဲဖြစ်ဖြစ် ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် တောင်သူတွေ မြေဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ပြောချင်ပါတယ် ” ဟု ၎င်းကပြောဆိုသည်။

မြေသိမ်းခံ ကရင်နီ တောင်သူ ၄၁ ဦးကို ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်အတွင်းရှိ တပ်ပိုင်မြေများကို ကျူးကျော်ဝင်ရောက်သည်ဟုဆိုကာ တပ်မတော်တပ်ရင်းများဖြစ်သော ခလရ (၂၅ဝ)၊ အမတ (၃၅၆)၊ အမတ (၃၆ဝ) တို့က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Photo Credit – ကရင်နီတောင်သူလယ်သမားများသမဂ္ဂ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts