All News Health interview

တတိယမြောက်ကော်ရိုနာဗိုင်းရပ်စ် လူနာ နေထိုင်သည့် အင်းစိန်မြို့နယ်တောင်သူကုန်းရပ်ကွက်၊ ကွင်းမွှေး ၃ လမ်းကို ပိတ်ဆို့ထား၊ အင်းစိန်အပြင် မည်သည့်နေရာမှ သွားရောက်ခြင်းမရှိခဲ့ဟုဆို

တတိယမြောက်ကော်ရိုနာဗိုင်းရပ်စ် လူနာ နေထိုင်သည့် အင်းစိန်မြို့နယ်တောင်သူကုန်းရပ်ကွက်၊ ကွင်းမွှေး ၃ လမ်းကို ပိတ်ဆို့ထား၊ အင်းစိန်အပြင် မည်သည့်နေရာမှ သွားရောက်ခြင်းမရှိခဲ့ဟုဆို

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် ၃ ဦးမြောက် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လူနာအဖြစ် အင်္ဂလန်နိုင်ငံမှ ပြန်လာသော အသက် ၂၆ အရွယ် အမျိုးသားကို စိစစ်တွေ့ရှိရပြီးနောက် ၎င်းနေထိုင်ခဲ့သော အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ ကွင်းမွှေး ၃ လမ်းကို ပိတ်ဆို့ထားပြီဖြစ်သည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီးအင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မနေ့က အင်းစိန်မှာတွေ့တဲ့ ကော်ရိုနာရောဂါကူးစက်ခံရသူနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေဘာတွေ လုပ်ဆောင်ထားလဲ။

ဖြေ။ ။ သူနေတဲ့ ရပ်ကွပ်ထဲက လမ်းသွယ်လေးတစ်ခုရှိတာပေါ့။ အဲလမ်းသွယ်ကိုတော့ ကျွန်တော်တို့က အပြင်လူတွေ သွားလာလို့ မရအောင်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့အစည်းတွေကတော့ စောင့်ကြည့်ပေးထားတယ်ပေါ့။ သူ့မိသားစုကတော့ အိမ်ထဲက အိမ်ပြင်မထွက်နဲ့ပေါ့ဗျာ ကျန်တဲ့အစားအသောက်ကတော့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေပေါင်းပြီးတော့ ပို့ပေးရတာပေါ့။ အိမ်ထဲကိုတော့ ကျန်တဲ့ သူတို့လမ်းသွယ်ထဲမှာနေတဲ့သူများကတော့ အပြင်ဈေးဝယ်တာပဲဖြစ်ဖြစ် အလုပ်သွားတာပဲဖြစ်ဖြစ် သွားပြီးရင်တော့ ပြန်လာလို့တော့ရသေးတာပေါ့။ လောလောဆယ်မှာတော့ အပြင်လူတွေပဲ ဝင်ထွက်လို့မရအောင် အနေအထားလေးတွေပဲ ကျွန်တော်တို့ စောင့်ကြည့်နေတယ် အဲလိုအနေအထားတော့ရှိတယ်။

မေး။ ။ အခုစောင့်ကြည့်နေတဲ့ နေရာကဘယ်နားလဲ။

ဖြေ။ ။ တောင်သူကုန်းရပ်ကွက်၊ ကွင်းမွှေး ၃လမ်းပေါ့။

မေး။ ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာက သူက၂၁ရက်နေ့က ပြန်ရောက်တယ်။ ပြီးတော့ ၂၃ရက်နေ့မှာ ရောဂါလက္ခဏာတွေပြတယ်ဆိုတော့ ဆေးရုံတင်လိုက်တယ်ပေါ့။ သူက ၂၁ရက်နေ့ပြန်ရောက်ပြီးတော့ ၁၄ရက် စောင့်ကြည့်လူနာအဖြစ် ဘာလို့ မနေရတာလဲ။

ဖြေ။ ။ ကျွန်တော်တို့လည်း အဲတာကိုတော့ အသေးစိတ်မသိဘူးဗျ။ အဲတာကတော့ လေဆိပ်ကနေ သူဘယ်လိုထွက်လာသလဲဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေတော့ရှိတယ်လေ။ အဲဒီညွှန်ကြားချက်တွေထဲမှာ တချို့ကလည်း ၂၂ရက်နေ့လောက်ကျတော့မှ အင်္ဂလန်ကလာတဲ့သူတွေကို quarantine ပို့မယ်ဆိုတဲ့ဟာမျိုးပေါ့။ လုပ်မယ်ဆိုတဲ့ဟာမျိုးတွေ ညွှန်ကြားတာတွေလည်းရှိကောင်းရှိနိုင်တယ်။ ကျွန်တော်တို့တော့ အသေးစိတ်မသိဘူး။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီဘက်ကိုလွတ်မြောက်လာပြီးတော့ ဖြစ်သွားပြီ ဖြစ်တဲ့အခါမှာ မြေပြင်အခြေအနေမှာ ကျွန်တော်တို့ ဘယ်လိုဝိုင်းပြီးတော့ ဘေးပတ်ဝန်းကျင်လည်း မစိုးရိမ်အောင် ဘယ်လိုဝိုင်းကူညီကျမလဲဆိုတာကို စဉ်းစားနေတာပေါ့။ ဒီပေါ်မှာ ဖြစ်လာတဲ့ကိစ္စကတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လဝကနဲ့ အဲတာကို လေဆိပ်ဘက်ကို မေးပြီးတော့ အခုလို အတည်ပြုချက်ယူမှ ရမယ်။

မေး။ ။ သူကပြန်ရောက်တာနဲ့ အင်းစိန်မှာပဲနေတာလား တခြားနေရာတွေ သွားသေးလား။

ဖြေ။ ။ မသွားပါဘူး။ အင်းစိန်မှာပဲ နေတာပါ။

မေး။ ။ လက်ရှိစောင့်ကြည့်နေတာ ဘယ်နှယောက်ရှိလဲ။

ဖြေ။ ။ သူ့မိသားစုကတော့ ၇ယောက်ရှိတယ်။ ကျန်တာကတော့ သူဘယ်သူတွေနဲ့ ထိတွေ့ခဲ့လည်းဆိုတာကတော့ အဲဒီသက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက အခုစုံစမ်းမှုတွေ လုပ်နေပါတယ်။

မေး။ ။ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူရဲ့ ကျန်းမာရေးအခြေအနေကကောကောင်းလား။

ဖြေ။ ။ ကောင်းတယ်။ ကျန်းမာရေးအခြေအနေကတော့ ဖြစ်တဲ့သုံးယောက်လုံးပေါ့။ အကုန်လုံးကောင်းတယ်။ အေးဆေးပဲ အရမ်းကြီးလဲ စိုးရိမ်စရာတော့ မရှိပါဘူး။ လူငယ်တွေလည်းဖြစ်ကျတော့ တချို့ကတွေးနေကျတာ ဖြစ်ရင်တော့သေမှာပဲ သူနဲ့ ပတ်သတ်ခဲ့သူတွေလည်းသေမှာပဲလို့ တွေးနေတာ မဟုတ်ပါဘူး။ အရမ်းကြီး အဲလောက် စိုးရိမ်စရာမရှိဘူး။ ပေါ့လို့တော့မရဘူးပေါ့ဗျာ။ ကိုယ့်ကိုကိုလိုက်နာဆောင်ရွက်ကျဖို့လိုတာပေါ့။

မေး။ ။ လက်ရှိက သူနေထိုင်ခဲ့တဲ့ ရပ်ကွက်ကသူတွေကို ဆေးစစ်ချက်တွေရယူထားလား။

ဖြေ။ ။ မနက်ကတော့ ကျန်းမာရေးအဖွဲ့တွေ သွားတယ်ဗျ။ သူတို့စစ်တဲ့အနေအထားတွေတော့ရှိပါတယ်။

မေး။ ။ ဒီလမ်းတစ်ခုလုံးကို ၁၄ရက်ပိတ်ထားမှာလား။ ဘယ်လိုလုပ်သွားမှာလဲ။

ဖြေ။ ။ အဲတာကတော့ သူတို့ ညွှန်ကြားချက်တွေအညီ လောလောဆယ်တော့ အုပ်ချုပ်ရေးက ဖြစ်နေတဲ့အချိန်လေးပေါ့ဗျာ။ ဖြစ်ဖြစ်ချင်းကာလတော့ တော်တော်လေးတော့ လုပ်ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က လုပ်ချင်တိုင်းလည်း လုပ်လို့မရဘူး။ တချို့ဟာတွေက WHO တို့ ကျန်းမာရေးဝန်ကြီးဌာနတို့နဲ့ ညွှန်ကြားချက်တွေနဲ့ အညီပဲ လုပ်ရတာ လူတွေကစိုးရိမ်ကျတာလေ လူတွေက lock down လုပ်လိုက်တော့လို့ ဈေးတွေပိတ်တော့လို့ ဆိုင်တွေပိတ်တော့လို့ ဆေးတွေဖြန်းတော့လို့ လုပ်ချင်တိုင်းလုပ်ကျတာ သူ့မှာ သူ့သတ်မှတ်ထားတဲ့ အတိုင်းအတာတွေရှိတယ်။

lock down လုပ်ရတဲ့ အနေအထားက ဘယ်အဆင့်ထိရောက်မှ lock down လုပ်ရတယ်ဆိုတာမျိုးတွေရှိတာကို တချို့ဟာတွေမှာ ကျွန်တော်တို့နိုင်ငံမှာ အခုက၃ယောက်လောက်တွေ့တာဗျာ ပိုးရှိတယ်ဆိုတာပဲရှိတာ ကမ္ဘာ့ဓာတ်ခွဲခန်းကို ပို့ထားတုန်းရှိသေးတာ အဲသုံးယောက်လုံးကလည်း ဒေါင်ဒေါင်မြည်ဆိုတော့ ကုသနိုင်တဲ့အနေအထားလည်းရှိတော့ အရမ်းလူနာတွေပေါ်မှာ စိုးရိမ်ရတဲ့အနေအထားမျိုးတော့ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူထုတွေအနေနဲ့ကတော့ ကိုယ့်ဟာနဲ့ကိုယ်တော့ သတိမလျော့ဖို့တော့ လိုအပ်တာပေါ့။ ဒီလို lock down ကြီးတွေလုပ်ရတာဆိုတာမျိုးကတော့ သူကျန်းမာရေးဝန်ကြီးဌာနတို့ WHO ညွှန်ကြားချက်နဲ့အညီပဲလုပ်ရတာ အားလုံးက ကိုယ်ပိတ်ချင်တိုင်းလည်း ပိတ်လို့မရဘူး။ လုပ်ချင်တိုင်းလည်းလုပ်လို့မရပါဘူး။

မေး။ ။ အဲလမ်းကို ၁၄ရက်ပြည့်ရင် ပြန်ဖွင့်မှာလား။

ဖြေ။ ။ အဲတာလည်း ညွှန်ကြားချက်အတိုင်းပဲ လုပ်ကျမှာပါပဲ လောလောဆယ်ကတော့ ဒါလေးကိုစောင့်ကြည့်ပေးထားတာ အပြင်လူဖြတ်သွားဖြတ်လာသူတွေနဲ့ မသိဘဲနဲ့ အိမ်တွေလာကြည့်တာတို့ ဘာတို့ မြန်မာလူမျိုးတွေ သိတဲ့အတိုင်းပဲ ဖုန်းနဲ့ ဓာတ်ပုံလာရိုက် အဲတာမျိုးတွေဖြစ်မှာစိုးလို့ ကျန်းမာရေးအရပေါ့။ အုပ်ချုပ်ရေးအဖွဲ့က ဒါလေးလုပ်ပေးထားတာ ဒါပါပဲ။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ မီဒီယာက များများလေးပြောပေးရေးပေး ဘာလဲဆိုတော့ လူတွေက fake news တွေပေါ့ဗျာ။ မယုံပါနဲ့ ကောလဟာလတွေ ထွက်နေတဲ့ဟာတွေရှိတယ်။ သတင်းမှားတွေ မတိကျမခိုင်လုံတဲ့ဟာတွေပေါ့ဗျာ။ ဒါတွေကိုမယုံပါနဲ့ တကယ့်တကယ်တမ်း ကျန်းမာရေးဝန်ကြီးဌာနက လုပ်ထားတဲ့ page တွေရှိတယ်။ ပြန်ကြားရေး page တွေရှိတယ်။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေရဲ့ အကောင့်တွေရှိတယ်။ အဲဒီဟာတွေကနေပဲ ကြည့်ပြီးတော့ပဲ နားစွင့်ကျ သတင်းတွေနားထောင်ကျ သတင်းစာတွေဖတ်ကျဒါပဲ ယုံကြည်စရာကောင်းတယ်။ ကျန်တာတွေက စိတ်ခံစားချက်တွေ ကိုယ့်အထင်အမြင်တွေ ကိုယ့်အယူအဆတွေနဲ့ ရေးနေတာတွေကိုကြောက်တာတွေ စိုးရိမ်တာတွေဖြစ်လာတော့ ရောဂါကြောင့်မသေဘဲနဲ့ ကြောက်စိတ်တွေနဲ့ နှလုံးရောဂါနဲ့ သေရမှာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts