All News Features

စစ်တပ်ဘိလပ်မြေစက်ရုံကြောင့် နစ်နာထိခိုက်နေသော ကရင်တိုင်းရင်းသားများနှင့်အတူရပ်တည်သူ စောသာဘိုးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်မှု NLD အစိုးရ ချက်ချင်းရုပ်သိမ်းပါ

စစ်တပ်ဘိလပ်မြေစက်ရုံကြောင့် နစ်နာထိခိုက်နေသော ကရင်တိုင်းရင်းသားများနှင့်အတူရပ်တည်သူ စောသာဘိုးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်မှု NLD အစိုးရ ချက်ချင်းရုပ်သိမ်းပါ

By နော်အယ်ဝါး

၂၀၂၀ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် မြိုင်ကလေးကျောက်မီးသွေးလောင်စာသုံး ဘိလပ်မြေစက်ရုံ ကြောင့် ထိခိုက်နစ်နာမှုများစွာ ခံစားနေရသော ဒေသခံပြည်သူလူထုနှင့်အတူရပ်တည်ပေးနေသည့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ စောသာဘိုးအား ကရင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) အရ တရားစွဲဆိုခဲ့သည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်ရှိသဖြင့် ယခုဖြစ်ရပ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ တာဝန်ပင်ဖြစ်သည်။

စောသာဘိုး သည် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၇) ရက်တွင် ဘိလပ်မြေစက်ရုံကြောင့် ရေအရင်းအမြစ်များ ပျက်ဆီးခဲ့ရသည့် ကျေးရွာ (၂၇) ရွာမှ ဒေသခံရွာသူ / ရွာသားများနှင့်အတူ ဓလေ့ထုံးစံ ကိုးကွယ်ယုံကြည်မှုအရ ရေထုကိုကာကွယ်စောင့်ရှောက်ပေးသော ကရင်ရိုးရာနတ် ဆုတောင်းကန်တော့ပွဲ ပြုလုပ်ခဲ့ ခြင်းနှင့် ပတ်သတ်ပြီး ပြည်သူလူထုအား လွှမ်းမိုးနှိုးဆော်မှုများ ဖြစ်စေသည်ဟု ဆိုကာ GAD မှ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သည်။

စစ်တပ်က လုပ်ဆောင်နေသည့် မြိုင်ကလေး ဘိလပ်မြေစက်ရုံ

မြိုင်ကလေး ဘိလပ်မြေစက်ရုံသည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)က လုပ်ကိုင် လည်ပတ်နေသည့် လုပ်ငန်းစု တခု ဖြစ်သည်။ အဆိုပါ MEC သည် မြန်မာ စစ်တပ်ပိုင်သည့် စီးပွားရေး လုပ်ငန်း ဖြစ်ပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အစီရင်ခံစာ (UN-FFM Report) တွင် မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း နှင့် ကချင် ပြည်နယ်တို့တွင် မြန်မာစစ်တပ်က ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား အဓိက ငွေကြေး ထောက်ပံ့နေသည့် လုပ်ငန်းစု ဖြစ်ကြောင်း ဖော်ပြထားခြင်း ခံထားရသည့် စီးပွားရေး လုပ်ငန်းစုလည်း ဖြစ်သည်။

MEC သည် မြိုင်ကလေး ဘိလပ်မြေ စက်ရုံအား ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု ၎င်းတို့ပိုင် ဝက်ဆိုဒ်တွင် ဖော်ပြထားသော်လည်း Frontier အစီရင်ခံစာတွင် ၁၉၈၀ ခုနှစ် ကတည်းက လုပ်ကိုင် လည်ပတ်နေသည့် မြန်မာ့စစ်တပ်ပိုင် ဘိလပ်မြေ စက်ရုံတခု ဖြစ်သည်။ မြိုင်ကလေးဘိလပ်မြေ စက်ရုံစတင်တည်ဆောက်သည့် အချိန်မှစ၍ ကျေးရွာများအနေဖြင့် လျော်ကြေးမရရှိဘဲ ပြောင်းရွှေ့ပေးခဲ့ရသည်။ ကျောက်မီးသွေးလောင်စာကို အသုံးပြုခဲ့သဖြင့် ပတ်ဝန်းကျင် ကျေးရွာများတွင် ပူပြင်းသည့်ဒဏ်ကို နွေမိုးဆောင်း ရာသီမရွေး ခံစားနေရသည့် အပြင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ လက်ရှိတွင် စက်ရုံသည် တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် (၄၀၀၀) အထိ လုပ်ငန်း တိုးချဲ့ထားပြီးဖြစ်သည်။

မြိုင်ကလေး ဘိလပ်မြေစက်ရုံ လုပ်ငန်း လည်ပတ်နေခြင်းကြောင့် ပတ်ဝန်းကျင် လေထုနှင့် ရေထု ညစ်ညမ်းခြင်း၊ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများ ပျက်စီးခြင်း နှင့် အတူ ဒေသခံပြည်သူများအား ရောဂါဝေဒနာ ဆိုးများ ဖြစ်စေပါသည်။

မြန်မာစစ်တပ်သည် မြိုင်ကလေးဘိလပ်မြေစက်ရုံကို ဥပဒေမဲ့ ဆက်လက်လည်ပတ် လုပ်ကိုင်လျှက် ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ စစ်တပ်၏စီးပွားရေးလုပ်ငန်းများသည် ပြည်သူလူထု၏ လူမှုအဆောက်အအုံ အသက်အိုးအိမ်စည်းစိမ်ကို များစွာထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကိုလည်း နှောင့်နှေးနေခြင်းများသည် နိုင်ငံ၏စီးပွားရေးလုပ်ငန်းအများစုတွင် စစ်တပ်မှနည်းမျိုးစုံဖြင့် လက်ဝါးကြီးအုပ် စိုးမိုး ပိုင်ဆိုင်ထားသောကြောင့် သာဖြစ်သည်။

ဤအတောအတွင်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့အတွက် ဥပဒေနှင့်အညီ လူထု၏ လှုပ်ရှားဆောင်ရွက်မှုများပေါ် NLD အစိုး၏ တုံပြန်မှုများသည် လူထုအသက်နှင့်ရင်း၍ တင်မြှောက်ခဲ့သော လူထုအစိုးရ မဟုတ်တော့ဟု သတ်မှတ် လိုက်ရတော့မည်ဟု ထင်မြင်ယူဆစရာပင်။

ပြည်သူ့အစိုးရတစ်ရပ်အဖြစ် ဒီမိုကရေစီ၏ အခြေခံစံနှုန်းများကို လေးစားလိုက်နာပြီး တရားဥပဒေစိုးမိုးရေးကို အလေးထားသင့်သည်။ စီးပွားရေးလုပ်ငန်းကြီးများကို တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်း (ဥပဒေ) များ ချမှတ်ကာ စစ်တပ်၏အကျင့်ပျက်ခြစားနေမှုများကို အဆုံးသတ်သင့်သည်။

မြိုင်ကလေးကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံကိုအမြန်ဆုံးရပ်တန့်ထားရမည်။ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံသို့ ဦးတည်၍ အဓိပ္ပါယ်ပြည့်ဝသော ခြေလှမ်းများခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန်အတွက် စစ်တပ်သည် စီးပွားရေးမှ (အပြီးအပိုင်) ကင်းလွတ်ရမည်ဖြစ်ပြီး အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရန်လိုအပ်သည်။ စောသာဘိုးအပေါ် စွဲချက်တင်ထားသော ပုဒ်မများ အားလုံးကိုရုပ်သိမ်းရမည်။ စစ်တပ်၏ မတရားမှုများကို ဖော်ထုတ်နေမည့် သူ့အား ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းများကို လက်ခံနိုင်စရာ အကြောင်းမရှိပါ။

တပ်မတော် အကျိုးစီးပွားက တိုင်းရင်းသားဘဝများကို ဖျက်ဆီးနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်တက်လာခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာ လလယ်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနနှင့်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူတို့သည် စက်ရုံ၏ စွမ်းအင်ထုတ်လုပ်မှုကို သဘာဝဓာတ်ငွေ့မှ ကျောက်မီးသွေးသို့ပြောင်းလဲမည်ဟု ကျေးရွာများအား အသိပေးခဲ့သည်။ ကျောက်မီးသွေးလောင်စာသုံးစက်ရုံ တည်ဆောက်ပါက မြိုင်ကလေးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း (၂၇) ရှိ ဒေသခံများသည် ကျောက်မီးသွေး၏ အန္တရာယ်ကို စိုးရိမ်ကြောက်လန့်ခဲ့ကြသည်။

ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် တို့အပေါ် ဆိုးရွားစွာထိခိုက်နိုင်သော ကျောက်မီးသွေးများကို သိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းများပြုလုပ်၍ တစ်နေ့လျှင် တန် (၄၀၀၀) ကျ ဘိလပ်မြေစက်ရုံလည်ပတ်မည့် စီမံကိန်းကို ရပ်တန့်ပေးပါရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ဖိုးရှိုးဆိပ်ကမ်းမှ ဘိလပ်မြေစက်ရုံသို့ ကျောက်မီးသွေးများကို သယ်ဆောင်သည့် စနစ်ကျလုံခြုံမှုမရှိသောထရပ်ကားများဖြင့် သယ်ယူပို့ဆောင်ရာလမ်တလျှောက်ကျေးရွာများတွင် ကျောက်မီးသွေး အမှုန်အမွှားများ၊ အစအနများ၏အန္တရာယ်ကို နေ့စဉ်ရင်ဆိုင်ခဲ့ရသည်။ ဘိလပ်မြေစက်ရုံအား ကျောက်မီးသွေး လောင်စာပြောင်းလဲအသုံးပြုမှုသည်လည်း ဒေသခံများ၏သဘောထားများနှင့် ဆန့်ကျင်နေပါသည်။
စီမံကိန်း အတွက် ပတ်ဝန်းကျင်သက်ရောက်မှုဆန်းစစ်ခြင်းများ မရှိသည့်အပြင် အများပြည်သူလက်ခံနိုင်သောပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များကိုလည်း ဆောင်ရွက်ထားရှိခြင်း မရှိသောကြောင့် ထိုလုပ်ငန်းသည် ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန် ထားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်ပါသည်။

ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံများသည် စီမံကိန်း ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်သို့ တိုင်ကြားစာများပေးပို့ခြင်းအပါအဝင် ဆိုရှယ်မီဒီယာလှုပ်ရှားမှုများ၊ လမ်းများပေါ်တွင် ပိုစတာများ စိုက်ထူခြင်း နှင့် လူထုလှုပ်ရှားမှုအမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ပြည်နယ်အစိုးရနှင့် စီမံကိန်းတာဝန်ရှိသူ များသည် ရပ်ရွာလူထု၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးခဲ့ခြင်းမရှိပါ။

ကျောက်မီးသွေးအသုံးပြုမှုကို ကန့်ကွက် ကြောင်း ဒေသခံများက ဒေသတွင်းရှိကျေးရွာ (၂၇) ရွာမှ လက်မှတ်ပေါင်း (၃၀၀၀) ကျော် ကောက်ယူခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ စီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှုများနှင့်ပတ်သက်၍ အသနားခံအသိပေးတင်ပြခဲ့ သော်လည်း ရပ်ရွာလူထု၏ စိုးရိမ်မှုများကို မဖြေရှင်းပေးသည့်အပြင် ဒေသခံလူ့အခွင့်အရေးလှုပ်ရှားသူများအား ဒေသဖွံ့ဖြိုးရေးအပေါ် နှောက်ယှက်ဖျက်ဆီးသူများဟု စွပ်စွဲ အပုပ်ချခြင်း၊ တရားစွဲဆိုခြင်းများအား သက်ဆိုင်ရာ အာဏာပိုင်များမှ ပြုလုပ်ခဲ့သည်။

ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ကျေးရွာသားအချို့သည် မတရားသိမ်းဆည်းခံခဲ့ရသော မြေယာများအား ပြန်လည်အသုံးပြုခွင့်ရရန် အစိုးရထံ လျှောက်ထားသောအခါ စစ်တပ်၏ တရားစွဲဆိုခြင်းကို ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် ဘိလပ်မြေစက်ရုံလည်ပတ်ရန် ကျောက်မီးသွေးလောင်စာသို့ ပြောင်းလဲ အသုံးပြု သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ကျေးရွာများအပေါ် ဆိုးကျိုးသက်ရောက်မှုများစွာ တွေ့ရှိလာရတော့သည်။

ကရင်သတင်းဌာန၏ မေးမြန်မှုတွင် ကျွန်းတောကုန်းကျေးရွာ ဒေသခံတစ်ဦးက “လမ်းပေါ်မှာ ခဏခဏဖြတ်သွားနေတဲ့(ထရက်)ကားကြီးတွေပေါ်က ကျောက်မီးသွေးအမှုန်တွေ အများကြီးကျနေခဲ့တယ်၊ အနားကရွာတွေအားလုံးကလူတွေက အဲဒီအမှုန်တွေ နေ့တိုင်းရှုနေရတာကိုး…. ကြောက်တာပေါ့၊ ဒီနားမှာ စာသင်ကျောင်းလည်းရှိတော့ ကလေးတွေအတွက်လည်း အန္တရာယ်ရှိတယ်လေ၊ မိုးကျလာတော့ အမည်းရောင် ကျောက်မီးသွေးရေတွေက အိုင်တွေထဲကိုစီးကုန်ရောလေ၊ နွားတွေလည်း ဒီရေပဲသောက်ရတာ၊ အိုင်ထဲက ငါးတွေ ဖားတွေလည်းရှိတယ်၊ အကုန်လုံး ဒုက္ခရောက်ကုန်ရောပေါ့ “ဟု ဖြေဆိုခဲ့သည်။

ရပ်ရွာလူထု၏ အဓိကစိုးရိမ်ပူပန်မှုမှာ စက်ရုံမှထွက်သော စွန့်ပစ်အညစ်အေကြေးများသည် မြစ်ချောင်းများသို့စီးဝင်သွားပြီး မြေအောက်ရေအရင်းအမြစ်များပါပျက်စီးမှုတို့ကြောင့် အနီးတဝိုက်ကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေရှားပါးလာမှုဖြစ်သည်။

ဒေသခံလူထုသည် အိမ်ထောင်စုများအားလုံး သောက်သုံးရေနှင့် မွေးမြူရေးအသုံးပြုရန်အတွက် မြစ်ချောင်းများကိုသာ မှီခိုအားထားနေရသည်။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ဒေသတွင်းရှိ ရေများ အရောင်ပြောင်းသွားသဖြင့် ငါးအမြောက်အမြား သေဆုံးခဲ့ရသည်။ ကျေးရွာတစ်ရွာမှ အသက်(၆၀)အရွယ်ရှိ ဒေါ်ခင်စိန်က သူမ၏ ရေတွင်းထဲတွင်ရေများ (အမည်း)အရောင်ပြောင်းသွားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ကြောင်း ဒေသခံ မီဒီယာများသို့ပြောကြားခဲ့သည်။

“ရေကဘာကြောင့် အမည်းရောင်ဖြစ်သွားတာလဲ၊ ပြီးတော့ရေချိုးတာနဲ့ဘာဖြစ်လို့ယားလာတာလဲ သိချင်တယ်”ဟု ဒေါ်ခင်စိန်က ပြောဆိုသည်။

သို့သော် အစိုးရတာဝန်ရှိသူများနှင့် NLD ပါတီဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တို့မှ စက်ရုံဝန်းကျင်ရှိ ကျေးရွာအချို့သို့ ရောက်ရှိလာခဲ့ပြီး ရေများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲခန်းတွင် ပို့ဆောင် စမ်းသပ်စစ်ဆေးပြီးဖြစ်သည့်အတွက် သောက်သုံးရေများသည်ဒေသခံများအတွက် အန္တရာယ်မရှိကြောင်း ပြောကြားပြီး သူမကိုယ်တိုင်ပင် ဒေသခံများရှေ့တွင် အဆိုပါရေကို သောက်ပြခဲ့သည်။

ကရင် ဝန်ကြီးချုပ်လာရောက် လည်ပတ်သည့်လတွင်ပင် ဒေသခံသဘာဝပတ်ဝန်းကျင်အဖွဲ့နှင့်အတူ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM)၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာဓာတ်ခွဲခန်း (EcoLab) တို့မှလည်း ဘားအံမြို့နယ်၊ မြိုင်ကလေးဘိလပ်မြေစက်ရုံတောင်ဖက်ရှိ ကျေးရွာ (၁၀) ရွာမှ ရေနမူနာများကောက်ယူ၍ စမ်းသပ်စစ်ဆေးခဲ့သည်။ စမ်းသပ်မှုများအရ ဘိလပ်မြေထုတ်လုပ်ရာတွင် အသုံးပြု သောကုန်ကြမ်းများအပြင် ကျောက်မီးသွေးသုံးစက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်ပေါ်သော ကလိုရင်းဓာတ် ပါဝင်မှု မြင့်မားနေကြောင်း ALARM အဖွဲ့မှ ထုတ်ပြန်ပေးခဲ့သည်။ ထိုသို့ မြင့်မားသောကလိုရင်းပမာဏကြောင့် ဒေသအတွင်းရှိလူအများသည် အရေပြားအနာများဖြစ်သည့် ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အနီရောင်အကွက်များ ထခြင်း စသည်တို့ကို ခံစားခဲ့ရသည်။

ထို့အပြင် ဒေသခံပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်လုပ်ငန်းကိုလည်း များစွာထိခိုက်ခဲ့သည်။ ဒေသ၏ စိုက်ပျိုး ထွက်ကုန်များကိုလည်း ဈေးကွက်တွင် ဝယ်ယူရန် ငြင်းဆန်ခြင်းများ ခံခဲ့ရသကဲ့သို့ ဖမ်းယူရရှိသော ငါးများကိုလည်း ပြည်သူများက ကြောက်လန့်၍ ဝယ်ယူစားသုံးခြင်း မရှိတော့ပေ။

တပ်မတော်နှင့် NLD အစိုးရသည် ပြည်သူလူထု၏ အကျိုးအမြတ်ကို လစ်လျူရှု ဖိနှိပ်ပြီးတော့ အကျိုး စီးပွား မရှာသင့်ပါ။ လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိလျင် ဒီမိုကရေစီဆိုသည်မှာလည်း အဓိပ္ပါယ် ဘာမျှမရှိပါ။ စောသာဘိုးကို တရားစွဲထားသည့် ပုဒ်မများကို ပယ်ဖျက်ပေးရပါမည်။ ထို့ပြင် မြိုင်ကလေး ကျောက်မီးသွေး လောင်စာသုံး ဘိလပ်မြေစက်ရုံ လုံးဝ အပြီးတိုင် ပိတ်သိမ်းရပါမည်။

(နော်အယ်ဝါးသည် ကရင်တိုင်းရင်းသူဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts