Editorial Peace political news

စစ်တပ်နှင့် အမျိုးသားရင်ကြားစေ့ရေး စွန့်လွှတ်၍ လူထုဘက်မှ အပြတ်ပြန်လည်ရပ်တည်ကာ ဒီမိုကရေစီတော်လှန်ရေး ဆင်နွှဲရမည်

အယ်ဒီတာ့အာဘော်

စစ်တပ်နှင့် အမျိုးသားရင်ကြားစေ့ရေး စွန့်လွှတ်၍ လူထုဘက်မှ အပြတ်ပြန်လည်ရပ်တည်ကာ ဒီမိုကရေစီတော်လှန်ရေး ဆင်နွှဲရမည်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရအာဏာရရှိပြီး ၄ နှစ်ကျော်လာချိန် ယခု ၂၀၂၀ ခုနှစ် ၊ မတ်လအတွင်း ပြည်ထောင်စုလွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲမှုများ ဆောင်ရွက်ရာ စစ်တပ်သည် ဒီမိုကရေစီအပြောင်းအလဲတွင် ပါလာခြင်းမရှိဘဲ အာဏာရှင် ဆန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကိုသာ ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်သည်။

မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁ နိုင်ငံတော်အခြေခံမူများကို ပြင်ဆင်ရာတွင် နိုင်ငံရေးအရ တပ်မတော်ကို ထိန်းချုပ်ရန် အလွန်အရေးကြီးသော တပ်မတော်သည် အမျိုးသားနိုင်ငံရေး တွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေး ပုဒ်မ ၆ (စ) ၊ ပုဒ်မ ၂၀ (ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်း အားလုံး၏ အကြီးအကဲ၊ ပုဒ်မ ၄၀ (ဂ) နိုင်ငံတော်အရေးပေါ် အခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေ သတ်မှတ်ချက်များနှင့်အညီ ရယူ သုံးစွဲခွင့်ရှိသည် ဆိုသော ပြဋ္ဌာန်းချက်များကို လုံး၀ ပြင်ဆင်နိုင်ခြင်းမရှိတော့ပေ။

အလားတူ မတ်လ ၁၁ ရက်နေ့တွင်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၅၉ (စ) ၊ အမျိုးသားလုံခြုံရေးကောင်စီ ပုဒ်မများ ပြင်ဆင်ရေး အရေးနိမ့်ခဲ့ရပြန်သည်။

တပ်မတော်သည် ဒီမိုကရေစီ အပြောင်းအလဲတွင် မလိုက်ပါနိုင်ရုံမျှမက အခြေခံဥပဒေအရ အသာစီးရယူထားမှုကို လက်လွှတ်ရန် အစီအစဉ်မရှိဆိုသည်ကို ပေါ်လွင်စေရာ ဒေါ်အောင်ဆန်းစုကြည် တဖွဖွ ပြောခဲ့သော အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ်မှာ အလုပ်မဖြစ်သည်ကို သိသာထင်ရှားလာစေသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး ပထမနေ့တွင်ပင် နိုင်ငံရေးအတွက် အရေးမကြီးသော အခြေခံဥပဒေ ပြင်ဆင်ချက် ၂ ခုကို သာ ပြင်ဆင်နိုင်ရာ တစ်စုံလုံး ခြုံငုံသုံးသပ်ပါက အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လုံး၀ လမ်းပိတ်သွားပြီဖြစ်သည်။

တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု မရှိ၍ အခြေခံဥပဒေ မပြင်ဆင်နိုင်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရသော ပြည်တွင်းစစ်နှင့် ငြိမ်းချမ်းရေးအတွက် လမ်းပျောက်ပြီဆိုသော အခြေအနေကို ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ကျူးလွန်သည်ဟု နိုင်ငံတကာက ပြောဆို၍ တရားစွဲဆိုခြင်း၊ ပိတ်ဆို့ခြင်းများ ခံနေရသော မြန်မာနိုင်ငံအတွက် တပ်မတော်ကို အရပ်သားအုပ်ချုပ်မှုအောက် မထားနိုင်သမျှကာလပတ်လုံး နိုင်ငံတကာမျက်နှာစာတွင် အရှက်ကွဲ အကျိုးနည်း စီးပွားရေး ပိတ်ဆို့မှုများ ကြုံတွေ့ရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအနေဖြင့် ရင်ကြားစေ့ရေး ဟူသော လမ်းစဉ်ကို ပြန်လည်သုံးသပ်ပြီး မူဝါဒပြောင်းလဲရန် အချိန်ကျလာနေပြီ၊ လိုအပ်လာနေပြီဖြစ်သည်။ ရင်ကြားစေ့ရေးခေါင်းစဉ်အောက်တွင် ပြိုကွဲသွားသော ဒီမိုကရက်တစ်အင်အားစုများကိုလည်း ပြန်လည်စုစည်းရမည်ဖြစ်သည်။

အာဏာရှိနေစဉ် ၄ နှစ်တာ ကာလအတွင်း ရင်ကြားစေ့ရေးအတွက် လျစ်လျူရှုခဲ့မှုများကို လျစ်လျူမရှုတော့ဘဲ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ၊ တရားစီရင်ရေး ကဏ္ဍများတွင် သိသာ မြင်သာ သော ဒီမိုကရက်တစ် အပြောင်းအလဲများကို အမြန်ဆုံးဖြင့် ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သည်။

ဥပမာအားဖြင့် – စစ်အာဏာရှင် စစ်ကြိုက်ဖြစ်နေသော တရားမမျှတသည့် မတရားအသင်းဆက်သွယ်မှု ဥပဒေ ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ များအပါအဝင် အာဏာရှင်ဆန်သော ဥပဒေပုဒ်မများကို မည်သူ၏ မျက်နှာကိုမျှ မကြည့်တော့ဘဲ တိုင်းပြည်နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးကိုသာ ကြည့်၍ ဖျက်သိမ်း ပြင်ဆင်မှု များ လုပ်ဆောင်ရမည်ဖြစ်သည်။

ဒေါင်းတို့မျိုးဆက်အပါအဝင် စစ်တပ်၏ တရားစွဲဆိုမှုကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း လွတ်ငြိမ်းသာခွင့်ပေးရမည်ဖြစ်သည်။ အုပ်ချုပ်ရေးတွင် စစ်အရာရှိဟောင်းများကြီးစိုးနေသော ယန္တရားဟောင်းကို ဖြိုချ၍ အရပ်သားစစ်စစ် ယန္တရားများဖြင့် အစားထိုးရမည်ဖြစ်သည်။ ကြီးမားလှသော စစ်တပ်၏ ဘတ်ဂျက်ကို လျှော့ချ၍ ပြည်တွင်းစစ်မီး နည်းနိုင်သမျှ နည်းအောင် လျှော့ချရမည်ဖြစ်သည်။

အလားတူ တရားစီရင်ရေးတွင်လည်း စစ်အရာရှိဟောင်း များကို ဖယ်ရှားပြီး အရပ်သားစစ်စစ်၊ ပညာရှင်စစ်စစ်များကို ရွေးချယ်၍ ဥပဒေစိုးမိုးရေးနှင့် ဥပဒေများ မျှတစွာ အသက်ဝင်လာရေး အမြန်ဆုံး လုပ်ဆောင်ရမည့် အချိန်လည်းဖြစ်သည်။

သတင်းမီဒီယာများ ပြန်လည်အားကောင်းလာစေရေး သတင်းလွတ်လပ်ခွင့်ကို အာမခံသော သတင်းမီဒီယာ ဥပဒေဖြစ်လာအောင် ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာစေရေး မူဝါဒ ချ ဆောင်ရွက်ခြင်း၊ ဒီမိုကရေစီ၏ ဒေါက်တိုင်ဖြစ်သော Institution များ အားကောင်းလာစေရေး NLD အစိုးရအနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည့် အချိန်လည်းဖြစ်သည်။

နိုင်ငံတကာဆက်ဆံရေး စာမျက်နှာတွင်လည်း တစ်ကမ္ဘာလုံးနှင့် တစ်ယောက် ဖြစ်နေသော မြန်မာနိုင်ငံ၏ အခြေအနေကို ပြန်လည် မြှင့်တင်ရမည်ဖြစ်သည်။ နိုင်ငံတကာက အကြီးအကျယ်ဝေဖန်နေသော ရိုဟင်ဂျာများ အပေါ် ကျူှးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း ဝန်ခံ၍ ကျူးလွန်သူများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံးများ၊ ခုံရုံးများသို့ ပို့ဆောင် အပြစ်ပေးရမည်ဖြစ်သည်။

ရင်ကြားစေ့ရေးကို မျက်နှာမူ၍ မလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေးများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ လူထုနှင့်အတူ ရပ်တည်၊ လူထုနှင့်အတူ ပြန်လည် စီးမျောပြီး ဘုံအကျိုးစီးပွားဖြစ်သော ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးကို ပြန်လည် လျှောက်လှမ်းရမည့်အချိန် ကျရောက်လာပြီဖြစ်သည်။

ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လူထုအစိုးရအနေဖြင့် ၄ နှစ်တာ ပျက်ကွက်ခဲ့သမျှကို တကွဲတပြားစီဖြစ်နေသော ဒီမိုကရက်တစ် အင်အားစုများကို ပြန်လည် စုစည်းပြီး လူထုတော်လှန်ရေးနည်းဖြင့် ဒီမိုကရေစီ ပန်းတိုင် ခရီးကြမ်းကို ပြန်လည် အစပျိုး လျှောက်လှမ်းရမည့် အချိန် ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါသည်။

ထိုသို့ မဟုတ်ပါက နိုင်ငံတော်သည် ခေါင်းဆောင်ပျောက်၊ အနာဂတ်ပျောက်၊ ကျဆုံးသော နိုင်ငံတော်အဖြစ် ရောက်ရှိနိုင်သည်ကို သတိချပ်စေလိုပါကြောင်း။

Photo Credit – MSCO

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts