All News Local News

ချင်းပြည်နယ်မှ ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာ ကျန်းမာရေးကောင်းမွန်ပြီး သက်သာနေ၊ သေဆုံးသည်ဟုဆိုကာ လူမှုကွန်ရက်မှတစ်ဆင့် ကောလာဟလ ရေးသားဖော်ပြနေ

ချင်းပြည်နယ်မှ ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာ ကျန်းမာရေးကောင်းမွန်ပြီး သက်သာနေ၊ သေဆုံးသည်ဟုဆိုကာ လူမှုကွန်ရက်မှတစ်ဆင့် ကောလာဟလ ရေးသားဖော်ပြနေ

ရန်ကုန်၊ မတ် ၂၄

ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသော ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာသည် ကျန်းမာရေးကောင်းမွန်နေပြီး သက်သာလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။

သို့ရာတွင် ယနေ့နံနက်ပိုင်း လူမှုကွန်ရက်တွင် Nyome Tun အကောင့်ပိုင်ရှင် (https://www.facebook.com/breeze.brz.5) က အဆိုပါ လူနာသေဆုံးသွားပြီဆိုသော ကောလာဟလ သတင်းများကို ဖြန့်ချိလျက်ရှိပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ လူနာမှာ သက်သာလျက်ရှိပြီး စိုးရိမ်စရာမရှိကြောင်း သိရှိရသည်။

အလားတူ Khantmin Maung အကောင့်ပိုင်ရှင် https://www.facebook.com/khantmin.maung.56 ကလည်း တီးတိန်မှ လူနာ သေဆုံးပြီဟုလည်းကောင်း ကောလာဟလ သတင်းများ ထုတ်ေ၀ ရေးသား ဖြန့်ချိန်လျက်ရှိသည်။

အလားတူ ရဲဝင့်ခန့်အောင် အကောင့်ပိုင်ရှင် https://www.facebook.com/ye.wintkanraung ကလည်း လူနာသေဆုံးပြီဆိုသော ကောလာဟလကို ထုတ်လွှင့်ရေးသားလျက်ရှိပြီးအဆိုပါပို့စ်ကိုလည်း လူအများက ရှယ်နေကြသည်။

အဆိုပါ လူနာနှင့်ပတ်သက်၍ ယမန့် ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အ ပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

အမေရိကန်နိုင်ငံမှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ချင်းပြည်နယ်၊ တီးတိန်မြို့တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသားသည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်တက်ဖျားနာခဲ့သဖြင့် Population Services International ဆေးခန်းတွင် သွားရောက်ပြသခဲ့ပြီးနောက် (၂၁-၃-၂၀၂၀) ရက်နေ့တွင် တီးတိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သဖြင့် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ပေးခဲ့ပါသည်။ အဆိုပါ လူနာတွင် ချောင်းဆိုးခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့ပါ။

အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ ယနေ့ (၂၃-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

(၂၃-၃-၂၀၂၀) ရက်နေ့၊ ည (၁၁) နာရီအချိန် စမ်းသပ်စစ်ဆေးချက်အရ အဆိုပါအမျိုးသားလူနာ၏ ကျန်းမာရေးအခြေအနေမှာ ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိဘဲ သက်သာလျက်ရှိပါသည်။ အဆိုပါ လူနာအား ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts