All News Health interview

ကြံ့ခိုင်ရေးနဲ့ NLD ပါတီက ကိုဗစ်ရောဂါကူးစက်မှု တိုက်ဖျက်ရေးကို နိုင်ငံရေးအတွက် အသုံးချနေတာလား

ကြံ့ခိုင်ရေးနဲ့ NLD ပါတီက ကိုဗစ်ရောဂါကူးစက်မှု တိုက်ဖျက်ရေးကို နိုင်ငံရေးအတွက် အသုံးချနေတာလား
(ကြံ့ခိုင်ရေးလက်ဆေးရည်နဲ့ NLD နှာခေါင်းစည်း ဝေဖန်မှုများ မြင့်တက်)

By ရန်ကုန်ခေတ်သစ်

ကိုဗစ်အရေးပေါ်ကာလတွင် နိုင်ငံရေးပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီက ပါတီတံဆိပ်ဖြင့် လက်ဆေးရည်နှင့်ဆပ်ပြာများ ထုတ်လုပ်ဝေငှခြင်း ဆန်ဆီဆားဝေငှရာတွင် ပါတီတံဆိပ်ကို ထည့်သွင်းခြင်း ၊ ကိုဗစ်ကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များတွင် ကြံ့ခိုင်ရေး တံဆိပ် ထည့်သွင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။

အလားတူ NLD ပါတီဘက်အနေဖြင့်လည်း ဗဟန်းမြို့နယ်တွင် ကိုဗစ်လူနာ တွေ့ရှိစဉ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းမြင့်က NLD ပါတီတံဆိပ်ပါ နှာခေါင်းစည်းကို တပ်ဆင်၍ အသုံးပြုခြင်း၊NLD ပါတီတံဆိပ်ပါ နှာခေါင်းစည်းများဖြင့် လူမှုကွန်ရက်တွင် ပုံတင်လာခြင်း၊ လွိုင်လင်မြို့တွင် ကိုဗစ်ကာကွယ်ရေးအတွက် NLD ပါတီ တံဆိပ်ပါ လက်ဆေးစင်ကို တည်ဆောက်ခြင်းများ လုပ်ဆောင်ခြင်းဖြင့် ကိုဗစ်ကို အကြောင်းပြု၍ ကူညီမှုများကို နိုင်ငံရေးအတွက် အသုံးချနေသည်ဟု ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ (ICRC) အဖွဲ့ကြီး၏ ၁၉၉၄ ခုနှစ် တွင် ထုတ်ပြန်ထားသော ဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ် လိုက်နာရမည့် ကျင့်ဝတ်များတွင် နံပါတ် ၃ အဖြစ် နိုင်ငံရေး သို့မဟုတ် ဘာသာရေး ရပ်တည်ချက် တစ်ရပ်ရပ်ကို အကူအညီပေးခြင်းဖြင့် ပံ့ပိုးမှု မပြုရပါ ဟု ပြဋ္ဌာန်းထားပြီး လူမှုကယ်ဆယ်ရေး အကူအညီများသည် နိုင်ငံရေးအသုံးချမှု ကင်းလွတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အင်အားကြီးပါတီကြီး ၂ ခု၏ ကိုဗစ်ရောဂါအကြောင်းပြု ကူညီရေးတွင် နိုင်ငံရေးအသုံးချလာမှုများအပေါ် နိုင်ငံရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ အမြင်တချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

မိုဃ်းသွေး (နိုင်ငံရေး တက်ကြွလှုပ်ရှားသူ)

အဲလိုမျိုး လုပ်ခွင့်မရှိဘူးလို့ တားမြင့်ထားတဲ့ဥပဒေ ရှိမရှိတော့ ကျွန်တော်တို့မသေချာဘူး။ ဥပမာ ကြံခိုင်ရေးပါတီဆိုရင် အင်းစိန်မှာ နံပါတ်၃လူနာတွေ့ရှိနောက်နေ့မှာ အဲရပ်ကွက်မှာသူတို့ အစားအစာတွေ သွားဝေတာတွေတာ တွေ့ရတယ်။ ဝေတဲ့အစားအစာတွေမှာ ကျွတ်ကျွတ်အိတ်တွေမှာ သူတို့ပါတီတံဆိပ်တွေနဲ့ ထုတ်ထားတဲ့ဟာတွေ အဲတာတွေလုပ်တာတွေ့ရတယ်။ ဒါမျိုးလုပ်သင့်မလုပ်သင့် ထုတ်ထားတဲ့ ဥပဒေရှိမရှိတော့ မသိဘူး။ ဒါပေမယ့် ကျင့်ဝတ်တအရကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့က စေတနာက အဓိကလား။

သူတို့ ပါတီကို promotion မြှင့်တင်ချင်တာက အဓိကလားဆိုတာ ကျွန်တော်တို့ မသဲကွဲဘူး။ တလွဲထင်စရာရှိတယ်ပေါ့။ တစ်ဖက်မှာလည်း ကျွန်တော်တို့က ပြောချင်တာက ဒီလိုမျိုးလုပ်တယ်ဆိုရင် ဘယ်အဖွဲ့အစည်းက လာလှူပါတယ် ဆိုတာကကတော့ ပြောလို့ရပါတယ်။ ဓာတ်ပုံလေးဘာလေး ရိုက်မယ်ပေါ့ဗျာ။ တစ်ခုရှိတာ အဲဒီအစားအစာတွေတင်မကဘူး။ အခုတလောမှာ ကျွန်တော်တို့တွေ့လာရတာက လက်သန့်ဆေးပေါ့။ ဒီလက်သန့်ဆေးဘူးတွေမှာကအစ သူတို့ကြံခိုင်ရေးတံဆိပ်တွေနဲ့ ရိုက်ပြီးတော့မှ ကပ်ပြီးလုပ်လာတယ်။ သေချာတာကတော့ ကြံခိုင်ရေးက နဂိုတည်းက လက်သန့်ဆေးရောင်းတာမျိုးတော့ မဟုတ်ဘူး။ သူ့အဲဘူးမှာ တကူးတကကပ်တာကြီးကတော့ လူတွေရဲ့ အမြင်မှာတော့ စေတနာအပေါ်မှာ သံသယဝင်စရာဖြစ်စေတယ်ပေါ့။ အမှန်တကယ်ကတော့ ဒါတွေက လိုက်လှူလို့ရပါတယ်။

မိမိပါတီရဲ့ ဝတ်စုံတွေ ပါတီဘီနိုင်းတွေ ဘာတွေနဲ့ ကားတွေဘာတွေနဲ့ သွားလှူမယ်ဆိုရင်လည်းရပါတယ်။ ဒါပေမယ့် အဲဒီပစ္စည်းတစ်ခုချင်းပေါ်မှာ တံဆိပ်လိုက်ကပ်တဲ့ ဟာမျိုးကျတော့ လူထုအမြင်မှာ သူတို့စေတနာမှန်လားမမှန်လားဆိုတာကို သံသယဝင်စေတယ်လို့ ကျွန်တော်ယူဆပါတယ်။ NLD ပါတီအနေနဲ့ကတော့ လောလောဆယ်ထိတော့ NLD ပါတီတံဆိပ်နဲ့ လှူဒါန်းတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် တစ်ခုရှိတာပေါ့ဗျာ။ ပြီးခဲ့တဲ့ရက်က NLDက ပါတီဝင်တစ်ယောက်ကနေပြီးတော့ Maskကို ဗဟန်းမြို့နယ်ထဲမှာလား မသိဘူး။ ပါတီအလံနဲ့ Mask တပ်ထားတာရှိတယ်။ နောက်ပြီးတော့ မနေ့ကထင်တယ်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကနေပြီးတော့မှ Mask ချုပ်ပြီးတော့မှ လှူမယ်ဆိုတဲ့သတင်းတွေ တက်လာတာရှိတယ်။

ဒါပေမယ့် အဲဒီ Mask တွေချုပ်ပြီးလှူတဲ့ကိစ္စကတော့ ဒါကတော့ နည်းပညာပိုင်းနဲ့ပဲဆိုင်တယ်။ ဒီလိုချုပ်တဲ့ဟာတွေက ဆေးဖက်ဆိုင်ရာအရ သုံးသင့်မသုံးသင့်ဆိုတာကတော့ တစ်ပိုင်းပေါ့။ တစ်ခုရှိတာကတော ခုနက Maskမှာ အလံတပ်ပြီးဝတ်တဲ့ကိစ္စနဲ့ အဲဒီကိစ္စသွား ချိတ်သွားတော့ လူတွေအမြင်တစ်မျိုးုဖြစ်စေတယ်လို့ မြင်တယ်။ ဗဟန်းမှာရှိတဲ့ ပါတီဝင်က သူ့မျက်နှာမှာ Mask ကို NLDပါတီတံဆိပ်နဲ့ Mask ကြီးတပ်ထားတယ်ပေါ့။ ဒါမျိုးက အဲဒီလို Mask မျိုးတွေဝေတယ်တို့ဘာတို့တော့ မတွေ့ရသေးဘူး။ ကျွန်တော်ထင်တယ်။ NLD လိုပါတီမျိုးဆိုရင် ပါတီရဲ့ထိပ်ပိုင်း CECကနေပြီးတော့မှ ဒီလိုအခြေအနေမျိုးကို အခွင့်အရေးယူပြီးတော့မှ ပါတီမြှင့်တင်ရေးလုပ်ငန်းတေ လုပ်လိမ့်မယ်လို့ ကျွန်တော်ကတော့ မယူဆပါဘူး။

အောက်ခြေမှာရှိတဲ့ ပါတီဝင်တွေထဲက တချို့နားမလည်လို့ မသိလို့ ဒီအချိန်အခါနဲ့ မသိဘဲနဲ့ လုပ်တဲ့လုပ်ရပ်လို့ ကျွန်တော်မြင်တယ်။ ဘာကြောင့် NLDအနေနဲ့က အခုချိန်မှာ လုပ်သင့်လုပ်ထိုက်တာကို အစိုးရအနေနဲ့လုပ်တယ်။ အမတ်တွေအနေနဲ့ လုပ်နေတယ်ဆိုရင်တောင်မှ သူတို့အနေနဲ့လုံလောက်ပြီ ထပ်ပြီးတော့လုပ်စရာမလိုဘူး။ ဒါပေမယ့်အဲဒီဟာကို လက်ရှိအစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကော သူတို့ရဲ့ ဒီကပ်ဘေးပေါ်မှာ တုံ့ပြန်မှုတွေမလုံလောက်တာတော့ အားမရစရာရှိတာတော့ တစ်ပိုင်းပေါ့ဗျာ။ NLD အနေနဲ့က အဲလိုမျိုးတွေ လုပ်ဆောင်လုပ်မယ်လို့ မယူဆပါဘူး။

ကိုထူးကျော်ဝင်း (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)

ကျွန်တော်လည်း အဲလိုတွေလုပ်နေတာ အွန်လိုင်းပေါ်မှာတွေ့တယ်။ တွေ့တယ်ဆိုတော့ ရှင်းရှင်းပြောရရင် တကယ်ကို အရင်းအမြစ်တွေက သေချာလားတော့ ကျွန်တော်လည်း သေချာမသိဘူး။ ဒါပေမယ့် ဓာတ်ပုံတွေကတော့ Mask တွေမှာဒီ NLD တံဆိပ်တွေနဲ့ ထုတ်တာတို့ လက်သန့်ဆေးရည်တွေပေါ့။ ကြံ့ခိုင်ရေးကထုတ်တဲ့ဟာပေါ့။ နိုင်ငံရေးပါတီတွေ အနေနဲ့ကတော့ တစ်ခါတစ်လေကျတော့လည်း သူတို့ရဲ့ပါတီကို ကြော်ငြာတဲ့ပုံစံတွေတော့ နေရာတိုင်းမှာ လုပ်နေကျတာပဲလေ။

ဒါပေမယ့် ကျွန်တော့်တစ်ဦးတည်း အမြင်နဲ့ပြောမယ်ဆိုရင် ဒီကာလအချိန်မှာဆိုရင် ကျွန်တော်တို့တွေက ဖြစ်နိုင်ရင် လက်သန့်ဆေးလိုက်ပေးတာလည်း ကောင်းပါတယ်။ နောက် Mask တွေချုပ်ပြီးတော့ ကူညီပေးတာလည်းကောင်းတယ်။ သိသာထင်ရှားတဲ့ပုံစံမျိုးနဲ့ နိုင်ငံရေးုအရ နေရာယူတဲ့ သိသာထင်ရှားတဲ့မျိုးတော့ မလုပ်သင့်စေချင်ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ဒီအချိန်မှာဒါ ကျင့်ဝတ်အရပြောရရင် ကျွန်တော်တို့တွေက လူတွေက ပျော်နေတာ မဟုတ်ဘူးပေါ့။

ဒီလက်သန့်ဆေးတွေကို ယူတဲ့ပြည်သူတွေကော Maskတွေ လက်ခံနေတဲ့သူတွေကော ပျော်လွန်းလို့ အဲတာတွေကို လက်ခံနေတာမဟုတ်ဘူး။ မရှိလို့ မဖြစ်နိုင်လွန်းလို့ယူနေရတာပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တော့ အမြင်ပြောရရင် ဒီလိုတံဆိပ်တွေ မပါဘဲနဲ့ ဒီတိုင်းပေးလိုက်ရင်တောင်မှ လူတွေက ပေးတဲ့သူတွေ ကြံ့ခိုင်ရေးဖြစ်ဖြစ် NLD မှမဟုတ်ဘူး။ ဘယ်ပါတီကဖြစ်ဖြစ် ဘယ်အရပ်ဖက်အဖွဲ့အစည်းကဖြစ်ဖြစ် ပေးရင်တော့ သူတို့က ယူတဲ့သူတွေက ပေးတဲ့သူတွေကို အသိအမှတ်ပြုပြီးသား ထူးခြားပြီးတော့ ဒီပေါ်မှာထပ်ပြီးတော့ ဘယ်ကလုပ်တာပါ။ ဆိုတာမျိုးကျတော့ ကျင့်ဝတ်ပိုင်းအရ ကြည့်ရင် ဒီကာလမှာမလုပ်သင့်ဘုူးမြင်တယ်။ ဘာဖြစ်လို့ဆိုတော့ ဒီဟာတွေပေါ်အခြေခံပြီးတော့ တစ်ခြားနိုင်ငံရေးကစားတွေတာတွေ မလိုအပ်တဲ့ အုပ်စုတွေ ပေါ်လာရင် ကျွန်တော်တို့တားတာဆီးတာ ခက်သွားမယ်။

မင်းတို့ကျတော့ လုပ်ပြီး ငါတို့ကျတော့ လုပ်လို့မရဘူးလား။ အဲလိုမျိုးတွေဖြစ်လာနိုင်တယ်။ ကျွန်တော် အမည်တပ်ပြီးတော့ မပြောချင်ဘူး။ အားလုံးသိမှာ၂ ပေါ့။ တခြားနိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတွေက အများကြီးရှိတယ်။ အဲဒီလိုလူတွေက လုပ်လာတဲ့အခါကျရင် ကျွန်တော်တို့ ဒီပါတီကြီးတွေက ပြောရခက်ပြီ ထိန်းရခတ်ပြီ နောက်တစ်ခုကပွင့်ပွင့်လင်းလင်းပြောရရင် ကိုဗစ်ကာလလွန်သွားတာနဲ့ ရွေးကောက်ပွဲ မဲဆွယ်တာတွေကလည်း လာတော့မှာဆိုတော့ တစ်ချို့ကျတော့လည်း ဒီဟာကိုကြိုတွက်ပြီးတော့လည်း အထိုက်အလျောက်လုပ်နေတာလည်း ကျွန်တော်ကိုယ်တိုင်မြင်နေတာတွေရှိတယ်။ ဒီကာလတွေမှာ အဲတာကို မလုပ်သင့်ဘူး။ အဲတာတွေကို လက်ခံမယ့် လူထုက ဒီတံဆိပ်တွေကို ကျေးဇူးတင်ဖို့ထက် ကြာရင်ဒီလိုအချိန်ကြီးမှာတောင် ဒီလိုလုပ်ရသလားဆိုတဲ့ အမြင်မြင်သွားရင် ပိုတောင်မကောင်းနိုင်ဘူးမြင်ပါတယ်။ နောက်တစ်ချက်က လူစုလူဝေးမလုပ်ရတဲ့အချိန်မှာ ဒီလိုမျိုးကြီးတွေ ဝေနေတာကတော့ သိပ်အဆင်မပြေလှဘူး။

မခင်လေး ( အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ)

ဒါကတော့ နိုင်ငံရေးပါတီတိုင်းက သူ့ပါတီနဲ့တူက ရည်ရွယ်ချက်တွေနဲ့ ကိုယ့်ပါတီရဲ့ လူထုပိုပြီးတော့ ထောက်ခံမှု ရလာအောင်ကြိုးစားတာတော့ ကျွန်မတို့ အပြစ်မပြောချင်ဘူး။ ဒါပေမယ့် လုပ်သင့်တဲ့ အနေအထား အချိန်ရှိတာပေါ့။ နောက်တစ်ခါ ကျင့်ဝတ်ပေါ့နော်။ ဒီလိုလူ အထိတ်တလန့်ဖြစ်နေတဲ့အချိန်ဆိုရင် ဒီလိုဟာမျိုးတွေနဲ့နိုင်ငံရေး အမြတ်ထုတ်တဲ့ ပုံစံမျိုးလုပ်သင့်လား မလုပ်သင့်လား။

ဒါကိုလည်း ထည့်ပြီးတော့ စဉ်းစားဖို့လိုတယ်။ နောက်တစ်ခုကတော့ ပစ္စည်းတွေလှူဒါန်းတာက ပြဿနာ မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ သတ်ဆိုင်တဲ့ ပစ္စည်းတွေလှူတဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်တဲ့ပစ္စည်းတွေဖြစ်ဖို့လိုတဲ့အခါကျတော့ မလိုအပ်ဘဲနဲ့ ကိုယ့်ရဲ့ ပါတီရဲ့ တံဆိပ်တွေနဲ့ လုပ်တဲ့ဟာမျိုးတွေကျတော့ ကျန်းမာရေးဌာန ညွှန်ကြားချက်တွေနဲ့ မညီဘူးဆိုရင်လည်း သုံးစွဲတဲ့သူတွေအတွက်လည်း အကာအကွယ် မဖြစ်ဘူးပေါ့။

အဲတော့ ပါတီတိုင်းကတော့ သူ့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့တော့ လုပ်မှာပဲ ဒါပေမယ့် ကျွန်မပြောချင်တာကတော့ ဒီလိုမျိုးကြီးတွေ တံဆိပ်ကြီးတွေ ကပ်မှ အလံကြီးတွေ လွှင့်သွားမှမဟုတ်ပါဘူး။ ဒီပါတီကလူတွေဆိုရင် ကိုယ်ရပ်ရွာတည်းက ဘယ်သူမဆို ကိုယ်ပါတီဝင်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ဆိုရင်လည်း ဘယ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ဆိုတာကို လူထုကသိနေပြီးပြီ သူတို့ကိုယ်တိုင်က သွားပြီးလုပ်ဆောင်ပေးတာကကိုပဲ ပါတီကလူတွေလုပ်ကျတယ်။ ပါတီဝင်တယ်လုပ်ကျတယ်ဆိုပြီး ပါတီအတွက်ကပိုပြီးတော့လူထုရဲ့ အမြင်ကြည်လင်မှုတွေ အားပေးမှုတွေ ထောက်ခံမှုတွေပိုရနိုင်တယ်။

အဲလိုအလံကြီးတွေ တံဆိပ်ကြီးတွေတက်တာကတော့ လုပ်သင့်လား မလုပ်သင့်လား။ ဆိုတာကတော့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်း အနေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ချင့်ချိန်ဖို့လည်း လိုမယ်လို့ထင်တယ်။ အဲတော့ ပါတီရဲ့ တံဆိပ်တပ်မှ ဒီအလုပ်တွေကို လူထုထောက်ခံမှာ မဟုတ်ပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts