ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ်ပြီး ၆ ဦးဒဏ်ရာရရှိကာ ၂ ဦးစိုးရိမ်ရ

ကျောက်တော်တွင် ပေါက်ကွဲမှုဖြစ်ပြီး ၆ ဦးဒဏ်ရာရရှိကာ ၂ ဦးစိုးရိမ်ရ
ရန်ကုန်၊ မတ် ၂၃
ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ် ဂုပ္ပိချောင်းကျေးရွာနဲ့ အင်ဘာရီကျေးရွာတွေမှာ မတ်လ ၂၂ ရက်နေ့ကပေါက်ကွဲမှု ဖြစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အပါအဝင် ၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ယောက်ကတော့ အခြေအနေစိုးရိမ်ရပါတယ်။
မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ဂုပ္ပိချောင်းကျေးရွာက အိမ်နောက်သစ်ပင်မှာ ညှပ်နေတဲ့လက်နက်ကြီးကျည်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အိမ်နားတွေမှာ ရှိနေတဲ့ အမျိုးသား ၅ ယောက်နဲ့ အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ရဲ့ ဝမ်းဗိုက်မှာဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။
အလားတူပဲ မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းကဂုပ္ပိချောင်းကျေးရွာနဲ့ချောင်းတဖက်ခြားမှာရှိနေတဲ့ အင်ဘာရီကျေးရွာက အသက် ၁၄ နှစ်အရွယ်ရှိတဲ့ မာမတ်ဟာစိန်က ကျေးရွာအနားက ငါးရှာနေစဉ်မှာကွန်းပိုက်မှာပါလာတဲ့ မိုင်းကို ကိုင်ရာမှာပေါက်ကွဲဖြစ်ပြီး လက်တွေနဲ့၊ ရင်ဘက်တွေ၊ ဒဏ်ရာရရှိခဲ့သလို မေးရိုးလည်းကျိုးသွားပါတယ်။
ဒဏ်ရာရရှိခဲ့သူတွေကို ကျောက်တော်မြို့နယ်အပေါက်ဝဆေးရုံးမှာ ဆေးကုသမှုခံယူနေပြီးအဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် ၁၄ နှစ်အရွယ် ၆ တန်းကျောင်းသားတယောက်ကိုတော့ စစ်တွေ ဆေးရုံပို့ဆောင် ဆေးကုသခံယူနေကြပါတယ်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ