All News Local News Peace

ကျောက်တော်တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောက်တော်တွင် ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁ဝ

ရခိုင်ပြည်နယ် ကျောက်တော်မြို့အတွင်းရှိ လောင်းရှည်ကျေးရွာတွင် ယနေ့ နံနက် ၇နာရီ မိနစ် ၂ဝခန့်က ထင်းခုတ်ရန်သွားသော အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကာ အမျိုးသားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း ကျောက်တော်မြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှကျော်ကပြောဆိုသည်။

“ ထင်းခုတ်ဖို့သွားတဲ့ အမျိုးသမီးတစ်ဦး ပစ်ခံရလို့ သေဆုံးတယ်ဆိုတာတော့ ကျွန်တော်သတင်းကြားတယ်။ ဘယ်သူပစ်တာလဲ။ သေဆုံးသူ ဘယ်သူလဲဆိုတာတော့ အသေးစိတ်အခြေအနေတော့ ကျွန်တော်မသိရသေးဘူး” ဟု ၎င်းကပြောဆိုသည်။

ထိုသေဆုံးသူ အမျိုးသမီးမှာ အသက် ၄ဝအရွယ် ဒေါ်သန်းစိန်ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသားမှာ အသက် ၃ဝ အရွယ် ဦးမောင်တုန်ချေတို့ဖြစ်ကြောင်း လောင်းရှည်ကျေးရွာသားများ ပြောဆိုချက်အရသိရသည်။

“ ရွာကို ကျည်ကျတာက ခဏခဏကျနေတာပါပဲ သေဆုံးသွားသူကတော့ ဘယ်ဘက်ရင်ဘတ် ကျည်ပေါက်ထွက်ပြီး သေသွားတာ။ ဒဏ်ရာရရှိသူကတော့ ခြေထောက်ကို ကျည်ထိမှန်တာ။ ကျွန်တော်တို့ရွာအရှေ့ဘက် ကုလားတန်မြစ်ရဲ့ တစ်ဖက်ကမ်းပေါ့လေ။ ပစ်ခံရတဲ့ နေရာနဲ့ သိပ်မဝေးဘူး။ အဲဒီမှာ တပ်မတော် ယာယီ တပ်စွဲထားတာရှိတယ်။ အဲဒီကလှမ်းပစ်တာ သူတို့က ထင်းခုတ်ဖို့ ရွာလမ်းမကို ထွက်တာ အဲဒီမှာ ကျည်ထိမှန်တာ ထွက်လို့ပစ်တာတော့ မဟုတ်ဘူး။ အမြဲတမ်းလှမ်းလှမ်းပစ်နေတာ လူမမြင်လည်း ပစ်နေတာ” ဟု လောင်းရှည်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

လောင်းရှည်ကျေးရွာအနီးရှိ ကုလားတံမြစ်ဘေးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝရက်နေ့က တပ်မတော်နှင့် ရခိုင်တပ်တော် (AA)တို့ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကုလားတံမြစ်အနီးရှိ တပ်မတော် ယာယီတပ်စွဲထားသော တပ်စခန်းမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်ပစ်ခတ်မှုများပြုလုပ်လျက်ရှိသည်ဟု ကျေးရွာသားများကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts