All News Local News Peace

ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရချိန် ရခိုင်ဒေသတွင် စစ်ဆင်ရေး အရှိန်မြင့်လာ၊ နှစ်ဖက်အကျအဆုံးများရှိနေ

ကော်ရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရချိန် ရခိုင်ဒေသတွင် စစ်ဆင်ရေး အရှိန်မြင့်လာ၊ နှစ်ဖက်အကျအဆုံးများရှိနေ

ရန်ကုန်၊ မတ် ၂၆

မြန်မာနိုင်ငံအတွင်း ကိုရိုနာကူးစက်ရောဂါပိုးရှိသောလူနာ(၃) ဦးအားတွေ့ရှိနေပြီး ကမ္ဘာ့နိုင်ငံအများစု၌ကပ်ရောဂါကိုစုပေါင်းကာရင်ဆိုင်နေရသော်လည်း တပ်မတော်၏ ရခိုင်ဒေသအတွင်း စစ်ဆင်ရေးကိုအရှိန်အဟုန်ပြင်းလာနေပြီး နှစ်ဖက်တပ်များ အကျအဆုံးရှိနေကြောင်း ရခိုင်တပ်တော်AA က သတင်းထုတ်ပြန်သည်။

မတ်လ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် တပ်မတော်က မီးဝဗျူဟာကုန်း ၊တိုင်းဗဟို(၉) ပတ်ဝန်းကျင်ကို လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကိုဆက်တိုက်ပြုလုပ်နေခဲ့ကြောင်း၊ဘူးသီးတောင်၊ မင်းပြားမြို့နယ်အတွင်း တိုက်ပွဲများရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ၂၄ ရက်နေ့၊ နံနက်(၇) နာရီ(၂၄) မိနစ်တွင်ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအရှေ့ ဘက်တောင်တန်းပေါ်တွင် မိနစ်(၂၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား ၉ ဦးကျဆုံးပြီး သေနတ်(၄) လက်ကို သိမ်းဆည်းရမိကြောင်း၊ မတ်လ(၂၄) ရက်၊ နေ့လယ်(၁၂) နာရီ(၃၀) မိနစ် မင်းပြားမြို့နယ်၊ မေလွန်းရွာအရှေ့မြောက်ဘက် တောင်ကြော (တိုင်း ဗဟို(၉) အနီး) ၌ နာရီဝက်ခန့်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်သားတချို့ကျဆုံးကြောင်း၊ မီးဝဗျူဟာကုန်းတွင် ထိတွေ့မှုများဆက်လက်ရှိနေခဲ့ပြီး ဂျက်တိုက်လေယာဉ်(၁) စီးဖြင့် တစ်နာရီကျော်ကြာ တစ်စီးပြီးတစ်စီးလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မင်းပြားမြို့နယ်၊ ကမ်းနီ၌တည်ရှိသော အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း(တန်းမြင့်လေ့ကျင့်ရေးကျောင်း) အနီးပတ်ဝန်းကျင်များသို့လည်း လေကြောင်းမှ တစ်နာရီကျော်ကြာဗုံးကြဲမှုများရှိခဲ့ကြောင်း၊ မြေပုံမြို့နယ်၊ အမ်းမြို့နယ်ဖက်တွင်လည်း လက်နက်ကြီးများ၊ လေကြောင်းမှ ဗုံးကြဲမှုများရှိခဲ့ကြောင်း သိရှိရသည်။

မတ်လ၂၅ ရက်နေ့ နေ့လယ်(၁) နာရီ (၂၂)မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအရှေ့ ဖက်(၃.၅) ကီလိုမီတာအကွာအဝေးရှိတောင်တန်းပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာများအတွင်းလက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ၍ အရပ်သား(၁၆) ဦးထိခိုက်ဒဏ်ရာရရှိပြီးသေဆုံးသူလည်းရှိခဲ့ကြောင်း၊ ရခိုင်တပ်တော် AA ကလည်း အကျအဆုံးများရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်မူ မတ်လ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်မှ ၁၁ နာရီအချိန်ခန့်အထိ AA အင်အား ၃၀၀ ခန့်က မင်းပြားမြို့နယ် နယ်မြေခံတန်းမြင့်လေ့ကျင့်ရေးကျောင်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အင်အားသုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နေရာ ၄ နေရာမှ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ရန်ကြိုးစားခဲ့သော်လည်း ကျောင်းဌာနချုပ်အနေဖြင့်တပ်ပတ်လည်ခံစစ်ဖြင့် စနစ်တကျ ပစ်ကူ၊ ပစ်အားသုံး တန်ပြန်တိုက်ခိုက်မှုကြောင့် AA အနေဖြင့် အလောင်း၊ လက်နက်အချို့ကိုပင်မယူနိုင်ဘဲ ၁၁ နာရီအချိန်ခန့်တွင် အဖွဲ့များခွဲ၍ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း၊ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများနောက်သို့ တပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်စစ်ဆင်လျက်ရှိကြောင်း ဖော်ပြထားသည်။

အလားတူ မတ်လ ၂၅ ရက်နေ့ ညနေ၆ နာရီ ၁၅ မိနစ်ခန့်တွင် AA အဖွဲ့ဝင် ၃ ဦးက ချဉ်းကပ်လာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း၊ အသေပစ်သတ်ဖမ်းဆီးခဲ့ပြီး အလောင်း ၃ လောင်းအား မိုင်းထောင်ရာတွင် အသုံးပြုသည့် နှစ်ပင်လိမ် ဝိုင်ယာကြိုး ၃ ကိုက်ခန့်၊ လက်ကိုင်ဖုန်း ၂ လုံး၊ လွယ်အိတ် ၁ လုံး၊ ဖုန်းမှတ်တမ်းစာအုပ် ၁ အုပ်နှင့် အသုံး အဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊သိမ်းဆည်းရမိဖုန်းများအတွင်းမှ AA အချင်းချင်း ဆက်သွယ်ပြော ဆိုထားသည့် မှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ နှင့် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲ မှုများကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်များ အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ရခိုင်တိုက်ပွဲ အသေးစိတ်အခြေအနေများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ယနေ့ နံ နက် ၈ နာရီ ၂၀ မိနစ်တွင် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com