All News Election Local News

ကော်ရိုနာဗိုင်းရပ်စ်က ၂ဝ၂ဝ ရွေးကောက်ပွဲကို မရိုက်ခတ်နိုင်ဟု UEC ပြော၊ ရွေးကောက်ပွဲအတွက် ငွေကျပ်ဘီလီယံ ၅ဝ သုံးစွဲမည်

ကော်ရိုနာဗိုင်းရပ်စ်က ၂ဝ၂ဝ ရွေးကောက်ပွဲကို မရိုက်ခတ်နိုင်ဟု UEC ပြော၊ ရွေးကောက်ပွဲအတွက် ငွေကျပ်ဘီလီယံ ၅ဝ သုံးစွဲမည်

ရန်ကုန်၊ မတ် ၂၀

လာမည့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ငွေကျပ်ဘီလီယံ ၅ဝ သုံးစွဲကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကော်ရိုနာဗိုင်းရပ်စ်က ၂၀၂၀ ရွေးကောက်ပွဲကို မရိုတ်ခတ်နိုင်ကြောင်း နေပြည်တော်တွင် မတ်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပြောဆိုလိုက်သည်။

“ ရွေးကောက်ပွဲအသုံးစရိတ်က ဘီလီယံ ၅ဝလောက်ရှိပါတယ်။ အဲဒါပိုရင်လည်းပိုမှာပေါ့။ လိုရင်လည်းလိုမှာပေါ့။ ဒါကတော့ ပြောမရသေးဘူးပေါ့။ ၂ဝ၂ဝ၊ ၂ဝ၂၁ ဘတ်ဂျက်တွေရှိသေးတာကို အဲဒါတွေနဲ့ တွဲပြီးတော့ သုံးမှာပေါ့။ ကုန်ဈေးနှုန်းကြောင့် အနည်းငယ် တိုးနိုင်တယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကပြောဆိုသည်။

ထို့သို့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကြိုတင်ပြောဆိုသော်လည်း ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုမူ ကျင်းပရန် လပိုင်းအလိုမှသာ ကြေညာသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောဆိုသည်။

“ရွေးကောက်ပွဲကျင်းပရက်မတိုင်မှီ အရင်တုန်းက ၄လအလိုမှာ ကြေညာတယ် ၂ဝ၁၅တုန်းကပေါ့။ ၂ဝ၁ဝမှာ ၂လနဲ့ ၂၄ရက်မှာ ကြေညာခဲ့တယ်။ အခုလည်းပဲ အဲဒီထုံးတွေကို လိုက်နာပြီးတော့ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ အသင့်လျေှ်ာဆုံး ဘယ်ဟာကောင်းမလဲဆိုတာ ဒါကိုဆုံးဖြတ်ပြီးတော့ ကြေညာပေးမှာပေါ့။ ရွေးကောက်ပွဲ ကျင်းပတဲ့ရက်ကို မကြေညာသေးတဲ့အတွက်ကြောင့် ရွေးကောက်ပွဲအတွက် စိုးရိမ်စရာတွေရှိတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အရင်တုန်းက ၂ဝ၁ဝတုန်းက ကြေညာတဲ့ ၂လနဲ့ ၂၄ရက်အလိုမှာ ကြေညာခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြတယ်။ ၂ဝ၁၅ကျတော့ ၄လအလိုမှာ ကြေညာခဲ့တယ်လို့ပြောပြတယ်။ အခုလည်းပဲ အဲဒီနမူနာ အတိုင်းပဲလိုက်နာပြီးတော့ ကော်မတီကထုတ်ပြန်ကြေညာသွားမှာပါ” ဟု ဦးမြင့်နိုင်ကပြောဆိုသည်။

လက်ရှိချိန်တွင် အစိုးရအနေဖြင့် ကော်ရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် လူထုလူဝေးမပြုလုပ်ရန်နှင့် ဧပြီလ ၁လလုံးအား စောင့်ကြည့်ကာလအဖြစ် သတ်မှတ်ကာ သင်္ကြန်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲများ မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း အဆိုပါရောဂါပိုးကြောင့် ရွေးကောက်ပွဲအပေါ် မရိုက်ခတ်နိုင်ကြောင်း ၎င်းဆက်လက်ပြောဆိုသည်။

မတ်လ ၃ရက်နေ့ထိ ရွေးကောက်ပွဲကော်မရှင်၏ အခြေခံမဲစာရင်းကောက်ခံချက်အရ မဲပေးခွင့်ရှိသူ ၃၇သန်းကျော်ရှိပြီး တပ်မတော်ထဲ၌ မဲပေးခွင့်ရှိသူများစာရင်းနှင့် နိုင်ငံရပ်ခြားရောက်နေသော မြန်မာနိုင်ငံသား မဲပေးခွင့်ရှိသူများ စာရင်းတို့ မပါဝင်သေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရှိရသည်။

ဓာတ်ပုံ- UEC

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts