All News Local News Peace

ကမာရွတ်တရားရုံးပတ်ဝန်းကျင်တွင် ကျောင်းသားများကို အကြမ်းဖက် ရိုက်နှက်မှု စစ်တပ်ကို ဝေဖန်မှုကြောင့်ဟုဆို

ကမာရွတ်တရားရုံးပတ်ဝန်းကျင်တွင် ကျောင်းသားများကို အကြမ်းဖက်ရိုက်နှက်မှု စစ်တပ်ကို ဝေဖန်မှုကြောင့်ဟုဆို

ရန်ကုန် မတ်လ ၁၃

ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရေး ဆန္ဒပြခဲ့သောကျောင်းသားကျောင်းသူ၆ဦးကို မတ်လ ၁၂ရက်နေ့တွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးသို့ လာရောက်ဝန်းရံသူကျောင်းသားများကို ရဲတပ်ဖွဲ့က အင်အားသုံးအကြမ်းဖက်ရိုက်နှက်မှုသည် စစ်တပ်ကို ဝေဖန်မှုကြောင့်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဥက္ကဋ္ဌ ကိုသက်မောင်မောင်က ပြောဆိုသည်။

ယမန်နေ့က ဆန္ဒပြကျောင်းသားများကို ကမာရွတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စဉ် ဝန်းရံကျောင်းသားများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းမှု တစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့ ပထမဦးဆုံး ရုံးချိန်းမှာသူတို့ ရုံးချိန်းမတက်ဘဲနဲ့ ကားပြန်ထွက်ဖို့ လုပ်တော့ အားလုံးက ကားကို ပြန်ပိတ်တားထားတယ်။ အပေါ်ကို သူတို့ကို ခေါ်သွားတယ်။ ခေါ်သွားတဲ့ အခါမှာ တစ်စုံတစ်ရာစစ်ဆေးမေးမြန်းတာမလုပ်ဘဲနဲ့ ဒီစာမေးပွဲရက်ထဲကိုနောက်ရုံးချိန်းပြန်ချိန်းမယ်ဆိုရင် လုပ်တဲ့အခါမှာ အားလုံးက လက်မခံဘူး။ အဲဒီဟာဖြစ်နေတဲ့ အချိန်အတွင်းမှာ ဒိုင်းတွေတုတ်တွေနဲ့ ရဲ (၁၀၀)ကျော်လောက်ရောက်လာတယ်။ အချုပ်ကားသုံးစီးထင်တယ်။ ကမာရွတ်တရားရုံးရှိတဲ့ ဟိုဘက်ဒီ ဘက်ပိတ်ပြီးတော့ အကုန်လုံးရောက်လာတယ်။ ရောက်လာပြီးတော့ စစ်ပြီးတော့ လက်မခံဘူးလို့ နေတဲ့ အချိန်မှာအဲဒီလူတွေ တရားရုံးကို ဝိုင်းလိုက်ပြီးတော့ အစောကြီးထဲက တရားရုံးကို မိဘတွေပါပေးမဝင်ဘူး။ အကုန်လုံး အပြင်မှာပဲ နေနေရတယ်။ ဝန်းရံကျောင်းသားတစ်ချို့တော့ အထဲမှာရှိတယ်။ လုံခြုံရေး(၁၀၀) ကျော်လုံးရောက်လာပြီးတော့ အဲဒီကျောင်းသားတွေ အတင်းရိုက်ပြီးတော့မှ အချုပ်ထဲကို ဆွဲခေါ်တယ်။ ဝန်းရံကျောင်းသားတွေ အကုန်လုံးကို ရိုက်ပြီးတော့အချုပ်ကား ပေါ်ဆွဲတင်သွားတယ်။ အပြင်က ကျန်တဲ့သူတွေကိုလည်း မင်းတို့လားကွ ဘာလားကွ ဆိုပြီး တုတ်တွေနဲ့ပြေးလိုက်ပြီးတော့မှ ဖြိုးခွင်းတဲ့အနေ အထားပေါ့။ ပြန်ပြီးတော့ ပြေးနေရတဲ့ ပုံစံပေါ့” ဟု ရုံးချိန်းသွားရောက်ခဲ့သော ကျောင်းသားတစ်ဦးဖြစ်သူကိုစိုင်းသုဝန်ကပြောသည်။

ရဲတပ်ဖွဲ့ အင်အားသုံးအကြမ်းဖက်ရိုက်နှက်မှုကိုခံခဲ့ရသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဥက္ကဋ္ဌ ကိုသက်မောင်မောင်လည်းပါဝင်ခဲ့ပြီး စစ်တပ်ကို ဝေဖန်ခြင်းကြောင့် ယခုကဲ့သို့ ဝန်းရံကျောင်းသားများ အကြမ်းဖက်ရိုက်နှက်ခံရခြင်းဖြစ်သည်ဟုဆိုသည်။

“ ကျွန်တော်တို့ ကျောင်းသားတွေကို သူတိုရဲ့ ဥပဒေဘောင်အတွင်းကနေပြီးတော့မှ ကျွန်တော်တို့ကို တမင်သက်သက် နှိပ်ကွပ်တာဖြစ်တယ်။ ရဲအင်အားသုံးပြီးတော့မှကျွန်တော်တို့ကျောင်းသားတွေ ဖြိုခွင်းတဲ့ အတွက် ကျွန်တော်တို့ရဲ့ကျောင်းသားထုအခွင့်အရေးကို ချိုးဖောက်ခံရတယ်။ ရခိုင်မှာ အင်တာနက်လိုင်းနဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ဆန္ဒပြကျတယ်။ မူလတန်းကျောင်းမှာလက်နက်ကြီးကျတဲ့ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြကျတယ်။ ဗကသများအဖွဲ့ချုပ်က စစ်တပ်ဆိုင်တဲ့ကိစ္စတွေပြောတယ်။ စစ်တပ်နဲ့ဆိုင်တဲ့ကိစ္စတွေပြောတဲ့အတွက် ဒါပထမဆုံးဖမ်းဆီးတယ်။ ဖမ်းဆီးပြီးတော့ ရုံးချိန်းမှာ ဝန်းရံတဲ့ကျောင်းသားတွေကို ဒါ မတရားဖြိုခွင်းတာဖြစ်တယ်။ အကြမ်းဖက်ပြီးဖြိုခွင်းတာဖြစ်တယ်။ စစ်တပ်ကိုထိလို့ ဒါလုပ်တာပဲလို့ ကျွန်တော်တို့ သုံးသပ်တယ်” ဟု ၎င်းကပြောဆိုသည်။

ယမန်နေ့ ဝန်းရံကျောင်းသားများ ရိုက်နှက်ခံရမှုနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ကမာရွတ်မြို့နယ်ရဲစခန်းထံသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိပေ။

ယနေ့ ရုံးထုတ်ခဲ့သော ဆန္ဒပြကျောင်းသား ၆ဦးမှာ ကိုနောင်ထက်အောင်၊ ကိုအောင်ပြည့်စုံဖြိုး၊ ကိုသုတစိုး၊ ကိုဇော်ထက်နိုင်၊ မနှင်းနှင့် မအေးမြတ်မွန်ကျော်တို့ဖြစ်ပြီး မတ်လ ၂၃ရက်နေ့တွင် ကမာရွတ်မြို့နယ်တရားရုံးသို့ ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။ ကျောင်းသားများကို ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

Photo Credit – ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts