All News Local News

YBSကားပိုင်ရှင်များ၏ အစုရှယ်ယာများ ပြန်ဝယ်မည်ဆိုပြီး ကတိမတည်သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြောင့် YUPT ကို တရားစွဲတော့မည်

YBSကားပိုင်ရှင်များ၏ အစုရှယ်ယာများ ပြန်ဝယ်မည်ဆိုပြီး ကတိမတည်သော ရန်ကုန်တိုင်းဝန်ကြီးချုပ်ကြောင့် YUPT ကို တရားစွဲတော့မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှုအဖွဲ့(YRTA) နာယက၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးသိန်းသည် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ(YUPT)၏ အစုရှယ်ယာရှင်များအပေါ် ကတိမတည်သည့်အတွက်ကြောင့် YUPT ကိုတရားစွဲဆိုသွားမည်ဖြစ်ကြောင်း အစုရှယ်ယာရှင် ဦးမောင်မောင်ကပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ရန်ကုန်မြို့၊ အိုလံပစ်တာဝါရှိ Myanmar Press Freedom Center တွင် အစုရှယ်ယာရှင်များက သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်စား ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ကျွန်တော်တို့ရှယ်ယာတွေကို အမြန်ဆုံးဝယ်ပေးမယ်။ အောက်တိုဘာ၃၀ရက်နေ့ Gandamar Whole sale မှာ ပဋိပက္ခဖြစ်သွားတယ်။ နိုဝင်ဘာလ ၂ရက်နေ့ ရှယ်ယာရှင် ဦးထိန်းဝင်းနဲ့ ဦးထွန်းငွေကိုခေါ်တွေ့တယ်။ အမြန်ဆုံးဝယ်ပေးမယ်ပြောတာ အခု သုံးလကျော်သွားပြီ။ ခေါ်တွေ့ခြင်းလည်းမရှိဘူး။ ဝန်ကြီးဌာနက ဖြေရှင်းခြင်းလည်းမရှိဘူး။ ဘယ်နေ့ဝယ်မှာဆိုတာလည်း ဖြေရှင်းခြင်းလည်းမရှိဘူး။ သူတို့ မဝယ်ဘူးဆိုတော့ အခုကျွန်တော်တို့ လူကြီးတွေတိုင်ပင်မယ်။ ရှေ့ဆက်ပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ စပြီးတရားစွဲမယ်ဆိုရင်တော့ ရှယ်ယာရှင်တွေအတိုင်း ရှယ်ယာရှင်အားလုံးက တရားစွဲမယ်ဆိုရင်တော့ YUPTကို စပြီးတရားစွဲမယ်။ ကုမ္ပဏီစပြီးတရားစွဲသွားမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီကုမ္ပဏီမှာ ကျွန်တော်တို့ စပြီးရှယ်ယာဝင်ထားတာကို ဒီကုမ္ပဏီပဲ ကျွန်တော်တို့ စွဲပိုင်ခွင့်ရှိတယ်။ ကျွန်တော်တို့ကို တာဝန်ခံထားတဲ့ တာဝန်ယူထားတဲ့ တရားစွဲသွားမယ်” ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂ဝ၁၆ခုနှစ် ဇွန်လအတွင်းက (မထသ) ဥက္ကဋ္ဌ ဦမင်းဇော်နှင့် အတူ (မထသ) ယာဉ်ပိုင်ရှင်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေခန်းမ၌ အစည်းဝေးခေါ်ယူကာ ဝန်ကြီးချုပ်မှ (မထသ) ကားဟောင်းများကို အရည်ကျိုအပ်နှံပြီး အများပိုင်ကုမ္ပဏီအဖွဲ့အစည်း တည်ထောင်ရန် လမ်းညွှန်ခဲ့ကြောင်း၊ ထို့နောက် ၂ဝ၁၆ သြဂုတ်လအတွင်း ဒုတိယအကြိမ် အစည်းအဝေးခေါ်ယူပြီး ယာဉ်ပိုင်ရှင်များနှင့် တွေ့ဆုံစဉ် ယာဉ်အိုယာဉ်ဟောင်းများအား အရည်ကျိုအပ်နှံကာ အများပိုင် ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရန်နှင့် ပေါ်ပေါက်လာမည့် အများပိုင်ကုမ္ပဏီတွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ယာဉ်ပိုင်ရှင်များလည်း လစဉ်အကျိုးအမြတ်ရရှိမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရသည်။

အများပြည်သူတို့အတွက် ပိုမိုကောင်းမွန်သော ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းလည်း တိုးတက်ဖွံ့ဖြိုးလာစေရမည်ဟု လမ်းညွှန်မိန့်ကြားသည့်အပြင် (မထသ) ယာဉ်ပိုင်ရှင်များအနေဖြင့်လည်း ယာဉ်အိုယာဉ်ဟောင်းများကို အရည်ကျိုအပ်နှံ၍ ရရှိသည့်စလစ်များကို ရောင်းချပြီး ရရှိသည့်ငွေကြေးများအား ပေါ်ပေါက်လာမည့် အများပိုင် ကုမ္ပဏီတွင် အရင်းအနှီး ထည့်ဝင်ကျလျှင် စနစ်သစ်အရွေ့တစ်ခုတွင် မိမိတို့နှင့်အတူ လိုက်ပါဆောင်ရွက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းအားပေးဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုစဉ်က (မထသ) ဥက္ကဋ္ဌ ဦးမင်းဇော်ကိုလည်း မော်တော်ယာဉ် လုပ်ငန်းအတွေ့အကြုံရှိကြသော ယာဉ်ပိုင်ရှင်ကြီးများကို စည်းရုံး၍ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကြီး ဆက်လက်အောင်မြင်တိုးတက်ရေးအတွက် အားတက်သရော ဆောင်ရွက်ပေးကြရန် ပြောဆိုခဲ့ခြင်းကြောင်း အစုရှယ်ယာရှင်များကပြောဆိုသည်။

သို့သော် အစုရှယ်ယာရှင် ၂၂၉ဦး ထည့်သွင်းထားသော ၅ ဒသမ ၆၃၄၄ ဘီလီယံသည် လက်ရှိချိန်ထိ အကျိုးအမြတ်တစ်စုံတစ်ရာခံစားခွင့်မရရှိသေးဘဲ အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်ဟု ဦးမောင်မောင်ကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ ၂၂၉ဦးမှာကျန်းမာရေးမကောင်းဘူး။ ခွဲစိတ်ရတဲ့ သူနဲ့ ပိုက်ဆံတွေထည့်ထားတယ်။ ပိုက်ဆံတွေမပေါ်ဘူး။ တစ်စုကို သိန်း၉၀ တချို့ဆိုရင် သိန်း၄၀၀၊ ၅၀၀ထည့်ထားတယ်။ ကျွန်တော်တို့ဆိုရင် သိန်း၁၈၀လောက်ထည့်ထားတယ်။ အဲဒီလို့ထည့်ထားတဲ့မိသားစုတွေလည်း အများကြီးရှိတယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့မရဘူး။ ဘာကြောင့်လုပ်လို့မရတာလဲ ဆိုတော့အမြတ်လည်းမရဘူး။ အရင်းပြန် တောင်းတော့လည်းမပေးဘူးဆိုတော့ သူတို့အနေနဲ့ စဉ်စားကြည့်ပေါ့” ဟု၎င်းကပြောဆိုသည်။

YUPT အနေဖြင့် ၂၁ရက်အတွင်း လာရောက်ဖြေရှင်းခြင်းမရှိလျှင် ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးကာ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အစုရှယ်ယာရှင်များကပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts