All News Local News Peace

UWSA က အရပ်ဘက်သုံး ရဟတ်ယာဉ် တစ်စင်းဝယ်ယူထားပြီး ပိုင်းလော့အဖြစ် နိုင်ငံခြားသားကို ငှားရမ်းထား

UWSA က အရပ်ဘက်သုံး ရဟတ်ယာဉ် တစ်စင်းဝယ်ယူထားပြီး ပိုင်းလော့အဖြစ် နိုင်ငံခြားသားကို ငှားရမ်းထား

By ရန်ကုန်ခေတ်သစ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အင်အားကြီးအဖွဲ့အစည်းတစ်ဖြစ်သော UWSA ၀ တပ်ဖွဲ့က အရပ်ဘက်သုံး ရဟတ်ယာဉ်တစ်စင်းကို ဝယ်ယူထားကြောင်း လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဦးညီရမ်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ UWSA အနေနဲ့ ဝယ်တာလား၊ ပုဂ္ဂလိက တစ်ဦးတစ်ယောက်က ဝယ်တာလား ရဟတ်ယာဉ် က ။

ဖြေ။ ။ ဘယ်သူဝယ်တယ်လို့တော့မသိရဘူး။ သေချာတာတစ်ခုကတော့ ဒါကတော့ အရပ်သုံး အပျော်စီး ရဟတ်ယာဉ်လေးတွေပါပဲ။ ရှည်ရှည်ဝေးဝေးလည်း သွားလို့မရပါဘူး။ စီးရတဲ့သူကလည်း ၂ ယောက်၊ ၃ ယောက်ပါပဲ။

မေး။ ။ ရဟတ်ယာဉ်တန်ဖိုးအားဖြင့် ဘယ်လောက်ရှိပါသလဲ ။

ဖြေ။ ။ အဲလိုတော့ ကျနော်လည်း မသိရဘူး။ ဒါကတော့တန်ဖိုးအားဖြင့်လည်း ပစ္စည်းကွာလတီ အရွယ်အစားပေါ်မှာလည်း မူတည်သေးတယ်လေ။ ဒါကတော့ ပေါ့ပေါ့ပါးပါးလေးတွေပါ။ အများပြည်သူ သူသူကိုယ်ကိုယ် ကျနော်တို့ ဝပြည်သူတွေလည်း ဒါ လေ့လာလို့ရအောင် ဆိုတဲ့သဘောမျိုးနဲ့ပါ။ အပျော်စီးပါ။

မေး။ ။ ဘယ်နေရာတွေမှာ အဓိက ထားသုံးနေလဲ။

ဖြေ။ ။ ရံဖန်ရံခါတော့ သွားလာနေတာ တွေ့ရတာပဲ။ ရှည်ရှည်ဝေးဝေး လည်းသွားလို့မရဘူး။ ကြီးကြီးမားမားဟာလည်း လုပ်လို့မရပါဘူး။

မေး။ ။ ရဟတ်ယာဉ်က ဘယ်နိုင်ငံထုတ်လဲ။ဘယ်လောက်ကြာပြီလဲ အဲဒါဝယ်ထားတာ။

ဖြေ။ ။ အဲဒီလိုလည်း ကျနော်လည်း အတိအကျမသိရဘူး။ ပြီးခဲ့တဲ့နှစ်ကတည်းက သိရတယ်။ နှစ်ကုန်ပိုင်းလေးမှာ။ ကောင်းပြီ ။ ကျနော်ပြောတော့မယ်။ ဒီတိုးတက်လာတဲ့ခေတ်မှာ တိုးတက်တဲ့နိုင်ငံတွေမှာ ဒီလိုပဲ အရပ်ဘက် အပျော်စီး ပုဂ္ဂလိကအားဖြင့်သော်လည်းကောင်း ဝယ်သုံးနေကြတဲ့ခေတ်မှာ ကျနော်တို့ ဝယ်သုံးတယ်ဆိုတာကလည်း ထူးထူးခြားခြားတော့မရှိဘူး။ ဒါတွေကတော့ ခုနက ပြောသလိုပဲ ကျနော်တို့ တောင်ပေါ်ဒေသ လမ်းခရီးတွေက ကွေ့ကွေ့ကောက်ကောက် များတဲ့အခါကျတော့ ရဟတ်ယာဉ်တွေ ရှိတယ်ဆိုတာကလည်း ဒေသလိုအပ်ချက်ကို အထောက်အကူပြုတယ်။ သင့်တော်တယ်လေ။ ဒါကတော့ ကျနော်ပုဂ္ဂိုလ်ရေး တစ်ဦးတစ်ယောက်အမြင်ပါ။ ဒါပုဂ္ဂလိက ပုဂ္ဂိုလ်ရေး အရပ်သုံးအပျော်စီးအနေနဲ့ ဝယ်တယ်ဆိုတာကလည်း မထူးဆန်းပါဘူး။ အများပြည်သူတွေအနေနဲ့ မြင်ဖူး တွေ့ဖူးတာရှိတာလည်းကောင်းတာပေါ့။ ဒီဟာကို သုံးပြီးတော့မှ တခြား မတရားတဲ့ဥစ္စာတွေလုပ်လို့လည်း မရဘူးလေ။ ရှည်ရှည်ဝေးဝေးသွားလို့မှမရတာလေ။

မေး။ ။ ရဟတ်ယာဉ်မောင်းတာက ဘယ်သူမောင်းတာပါလဲ။ ဒေသခံပဲလား။

ဖြေ။ ။ ကျနော်သိသလောက် မောင်းတဲ့သူကတော့ တစ်ခြားနိုင်ငံကပဲ။ ကျနော်တို့ ဒေသက မဟုတ်ဘူးလို့ သိရတယ်။ တဖြည်းဖြည်းနဲ့ လိုအပ်ရင်တော့ ဒါကလည်း လုပ်သင့်လည်း လုပ်ရမှာပေါ့။ သေချာတာကတော့ ဘယ်နိုင်ငံကတော့ မသိဘူးနော်။ တရုတ်ပဲဖြစ်ရင် ဖြစ်မလား ။ အခြားဒေသက ဖြစ်ရင်လည်း ကျနော်တို့ ဒေသက လူတော့မဟုတ်ဘူးပေါ့နော်။ ငှားရမ်းထားပြီးတော့ အလုပ်ခန့်ထားတဲ့သဘောမျိုးပေါ့ ။ အဲဒီလိုပဲ ခန့်မှန်းရပါတယ်။ ကျနော်လည်း ကိုယ်တိုင် မမြင်ဖူးပါဘူး။ ရဟတ်ယာဉ်မောင်းသင်တာတို့ ဘာတို့က ခက်တဲ့အရာလည်းမဟုတ်ဘူး။ မောင်းဖို့ဆိုတာက တစ်နှစ် နှစ်နှစ်နဲ့ သင်လို့ရတာပဲ။

ဓာတ်ပုံ- တရုတ်နိုင်ငံထုတ် အရပ်ဘက် ရဟတ်ယာဉ်တစ်စီး။ Photo Credit-http://en.people.cn/

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts