NLD အစိုးရ အလုပ်သမားနှင့် လယ်သမားများကို လျစ်လျူရှု၍ အလုပ်သမားနှင့် အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်လောင်းများ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည်(ရုပ်/သံ)

NLD အစိုးရ အလုပ်သမားနှင့် လယ်သမားများကို လျစ်လျူရှု၍ အလုပ်သမားနှင့် အရပ်ဘက်အဖွဲ့ ကိုယ်စားလှယ်လောင်းများ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မည်(ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
လက်ရှိအာဏာရအုပ်ချုပ်နေသော အစိုးရသည် အလုပ်သမားရေးကိစ္စရပ်များဆောင်ရွက်ရာတွင် အလုပ်သမားထု၏ အသံကို လျစ်လျူရှု့ထားသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် အလုပ်သမားသမဂ္ဂအဖွဲ့များနှင့် အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းအနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင်ကပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ရက်နေ့တွင် အိုလံပစ်တာဝါရှိ Myanmar Press Freedom Center (MPFC) တွင် ပြုလုပ်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျွန်မတို့ရဲ့ အသံပေါ့။ တကယ့်ကို အလုပ်သမား လယ်သမားထုကို ကိုယ်စားပြုပြီးတော့ အသံထွက်နိုင်ဖို့အတွက် လွှတ်တော်ထဲမှာအသံပါနိုင်ဖို့အတွက် ကျွန်မတို့ အတွက် အဓိကဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ အလုပ်သမား လယ်သမားထုသည် မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင်နှုန်းရှိတယ်။ သူတို့ရဲ့အသံ တကယ့်ကို အဓိကလိုအပ်ချက်တွေကို ကျွန်မတို့ လွှတ်တော်မှာ မတင်နိုင်ဘူး။ အဲဒီအတွက် လွှတ်တော်မှာ ကျွန်မတို့တွေရဲ့ လယ်သမားတွေထုတွေရဲ့ အသံပါနိုင်ဖို့အတွက် ဒီနေ့ ကျွန်မတို့ တသီးပုဂ္ဂလတွေအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် ဆုံးဖြတ်ချပြီးတော့ ဒီပွဲလေးကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ဒေါ်သက်သက်အောင်ကပြောဆိုသည်။
ထို့ပြင် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်သူတင်မြှောက်လိုက်သော NLD အစိုးရတာဝန်ထမ်းဆောင်သည့်လက်ထက်ထိတိုင်း အလုပ်သမား လယ်သမားများကို ကာကွယ်ပေးမည့် ဥပဒေများကို ပြဌာန်းနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ယခုကဲ့သို့ ပြောဆိုသည်။
“ ကျွန်မတို့ ရွေးကောက်ပွဲကို ၁၉၉၀ မှာတစ်ကြိမ်၊၂၀၁၀မှာတစ်ကြိမ် ၂၀၁၅မှာ တစ်ကြိမ် သုံးကြိမ် ရွေးကောက်ပွဲကို ဖြတ်သန်းလာတဲ့အခါမှာ ၂၀၁၅နောက်ပိုင်းကိုပြောရမယ်ဆိုလိုရှိရင် ကျွန်မတနို့ ၅နှစ်တာကာလ ရှိလာပြီပေါ့ ၅နှစ်တာကာလအတွင်းမှာ ကျွန်မတို့ အလုပ်သမားလယ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ကျွန်မတို့ ဒီဥပဒေပြင်ဆင်မူတွေကိုလွှတ်တော်မှာ လုပ်ထားတာတွေရှိတယ်။ ဒီဥပဒေပြင်ဆင်မူတွေ လွှတ်တော်မှာ ပြင်ဆင်တဲ့အခါတိုင်း ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ စုပေါင်းပြီး လွှတ်တော်မှာအကြုံပြုချက် တွေလုပ်ခဲ့ပါတယ်။အလုပ်သမား လယ်သမား အဖွဲ့ချုပ်တွေ ကလည်းလုပ်သလို အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အကြံပြုမှု တွေအများကြီးလုပ်ခဲ့သော်လည်း တကယ်ပြင်ဆင်လာတဲ့အခါမှာ ကျွန်မတို့ရဲ့ အဓိကလိုအပ်ချက်တွေ ကျွန်မတို့ ရင်ဆိုင်ကြုံတွေနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အခြေအနေမျိုးတွေကို မတွေ့ရဘူး” ဟု ဒေါ်သက်သက်အောင်က ပြောဆိုသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ရာတွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားခြင်း၊ အလုပ်သမားလယ်သမားရေးနှင့် လူမူတရားမျှတမူကို အလေးထားဖော်ဆောင်နိုင်ခြင်း၊ မည့်သည့်ပါတီဝင်မှမဖြစ်စေခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်၍ လူအများလေးစား ယုံကြည်သည့် ပုဂ္ဂိုလ်ဖြစ်ခြင်း၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အား ကျွမ်းကျင်၍ တက်ကြွလူပ်ရှားသူဖြစ်ခြင်း၊ ရွေးကောက်ပွဲ ကတိကဝတ်များ လေးစားလိုက်နာသူဖြစ်ခြင်း၊ ပရဟိတစိတ်ဓာတ်ဖြင့် လူထူအကျိုးစီးပွားကို စဉ်ဆက်မပြတ်ဆောင်ရွက်နေသူဖြစ်ခြင်း၊ ခေါင်ဆောင်မှု အရည်အသွေးရှိခြင်း စသည့်အချက်များဖြင့် ကိုက်ညီသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပွဲတွင်ပြောဆိုသည်။
ထို့သို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အလုပ်သမားသမဂ္ဂများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လယ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ရွေးချယ်သွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့်သူ အရေအတွက်နှင့် အမည်စာရင်းအတိအကျကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ