All News Election interview

NLD ပါတီ အစိုးရ နှင့်လွှတ်တော်ကို အထင်လွဲစေရန် လုပ်ဆောင်သော ကြံ့ခိုင်ရေးခေါင်းဆောင်၊ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်းဦးမြင့်လှိုင် တိုင်ကြားခံထားရ

NLD ပါတီ အစိုးရ နှင့်လွှတ်တော်ကို အထင်လွဲစေရန် လုပ်ဆောင်သော ကြံ့ခိုင်ရေးခေါင်းဆောင်၊ ဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်းဦးမြင့်လှိုင် တိုင်ကြားခံထားရ

By ရန်ကုန်ခေတ်သစ်

“မျိုးစောင့်ဥပဒေတွေကို ဖျက်တယ်ဆိုတဲ့ဟာမျိုးပြောတယ်။ နောက်နိုင်ငံခြားသားခိုင်းတာတွေ လုပ်တယ်ဆိုတဲ့ သဘောမျိုးပြောတယ်။ နောက်ပြီးရင် အခွန်ကောက်တဲ့ကိစ္စတွေပြောတယ်။ နောက်လျှပ်စစ်ဓာတ်အားခတက်တဲ့ကိစ္စတွေပြောတယ်”

ဒက္ခိဏသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးဟောင်းလည်းဖြစ် ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်လှိုင်ကို NLD အစိုးရနှင့် လွှတ်တော်ကို ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ဟောပြောမှုဖြင့် ရွေးကောက်ပွဲကော်မရှင်ထံသို့ NLD ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက တိုင်ကြားလိုက်သည်။ ဦးသန့်ဇင်ထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးမြင့်လှိုင်ကို တိုင်ကြားထားတယ်ဆိုတာ ဘာကြောင့်လဲ ဆရာ။

ဖြေ။ ။ ဝန်ကြီးဟောင်း ဦးမြင့်လှိုင်ပေါ့ဗျာ။ သူကရွာကရွာသူရွာသားတွေကို သူ့ရုံးကို သူ့ရုံးဆိုတာ မြို့နယ်ကြံ့ခိုင်ရေးပါတီရုံးပေါ့။ မြို့နယ်ပါတီရုံးကို ခဏခဏခေါ်ခေါ်တွေ့တယ်ဗျာ။ ခေါ်ခေါ်တွေ့တယ်ဆိုတာ ကံစမ်းမဲဖောက်ပေးမယ်တို့ ပြီးရင်မုန့်ပေးတာတို့ လက်ဆောင်ပေးတာတို့ အဲတာမျိုးတွေ ခဏခဏ ခေါ်ခေါ်တွေ့တာပေါ့။ ဒါပေမယ့် ဘာတွေပြောလဲ ဘာတွေလုပ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူးပေါ့ဗျာ။ ဒါပေမယ့် ဖေဖော်ဝါရီလ ၈ရက်နေ့ကခေါ်တွေ့တာပေါ့။

သီရိမင်္ဂလာကျေးရွာကလူတွေကို ခေါ်တွေ့တဲ့ကိစ္စမှာတော့ တာဝန်သိတဲ့ပြည်သူပေါ့။ သူတို့ကနေမှ ကျွန်တော်တို့ကို အချက်အလက်တွေ ပေးတဲ့အခါကျတော့ အဲဒီအချက်အလက်တွေ အဓိကအသံဖိုင်ပါ။ အဲတာပေးတဲ့အခါကျတော့ အဲတာကို နားထောင်ပြီးတော့ သူကျင့်ဝတ်နဲ့ မညီညွတ်တဲ့ကိစ္စတွေ နောက်တစ်ခါ ကျွန်တော်တို့ အာဏာရပါတီ နောက်တစ်ခါ လွှတ်တော် အစိုးရကို ပြည်သူနဲ့ အထင်အမြင်လွဲမှားအောင်ပြောတဲ့ကိစ္စတွေပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားတာပါ။ ကော်မရှင်ကနေပြီးတော့ ထိန်းကြောင်းပေးဖို့ပေါ့။

မေး။ ။ သူပြောဆိုသွားတဲ့အကြောင်းအရာတွေထဲမှာမှ တိုင်ကြားရလောက်ထိပြောဆိုချက်တွေက ဘယ်လိုအချက်တွေဖြစ်မလဲ။

ဖြေ။ ။ အမျိုး၊ ဘာသာ၊ သာသနာပေါ့။ မျိုးစောင့်ဥပဒေတွေကို ဖျက်တယ်ဆိုတဲ့ဟာမျိုးပြောတယ်။ နောက်နိုင်ငံခြားသားခိုင်းတာတွေ လုပ်တယ်ဆိုတဲ့ သဘောမျိုးပြောတယ်။ နောက်ပြီးရင် အခွန်ကောက်တဲ့ကိစ္စတွေပြောတယ်။ နောက်လျှပ်စစ်ဓာတ်အားခတက်တဲ့ကိစ္စတွေပြောတယ်။ အဲလိုမျိုးတွေပြောတာများတာပေါ့။ ဆိုလိုချင်တာက ပြည်သူလူထုကို အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်အောင်မြှင့်တင်ပေးရမယ့်အစား မမှန်ကန်တဲ့ အတွေးအခေါ်အယူအဆတွေဝင်အောင် လုပ်တဲ့သဘောပေါ့။

အဲလိုမျိုးတွေတော့ မဖြစ်သင့်ဘူးလေ။ ခေါင်းဆောင်တစ်ယောက် လူကြီးတစ်ယောက်က ကိုယ့်နိုင်ငံသားတွေ အရည်အသွေးတွေ အရည်အချင်းတွေမြင့်တက်အောင် ဖွံ့ဖြိုးအောင်ပဲ လုပ်ပေးရမှာလေ အဲလိုမျိုးမဟုတ်ဘဲနဲ့ နိမ့်သထက်ပိုပြီး နိမ့်ကျသွားအောင်ဆိုတဲ့ဟာမျိုးတော့ မလုပ်သင့်ဘူးပေါ့။

မေး။ ။ ဒီလိုမျိုးပြောဆိုချင်တွေဟာ နိုင်ငံရေးအတွက်ကော ဘာတွေသက်ရောက်မှုတွေဖြစ်လာမလဲ။ ရွေးကောက်ပွဲကလည်း နီးလာတော့။

ဖြေ။ ။ ကျွန်တော့်ြမို့နယ်လေးရဲ့ အခြေအနေကို ကျွန်တော်လည်း သိပါတယ်။ သူလည်းသိပါတယ်။ အဲတာကြောင့် သူလည်းလုပ်တာပါ။ ကျွန်တော့်မြို့နယ် ဒက္ခိဏသီရိမြို့နယ်မှာ မဲပေးခွင့်ရှိသူက နည်းတယ်။ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်ကနည်းတယ်။ ၂သောင်းမပြည့်ဘူးပေါ့။ အဲဝန်းကျင်လေးပါ။ အဲဝန်းကျင်လေးမှာဆို ပေးကမ်းပြီးတော့ လုပ်ချင်တဲ့ပုံစံ အခုချိန်ထိတော့ မပျောက်ဘူးပေါ့ဗျာ။ အဲသဘောကိုပဲ ဆက်လုပ်တာပဲ အနိုင်ရဖို့အတွက် ကျွန်တော်တို့က လူတွေကိုပေးကမ်းပြီးတော့ လက်ဆောင်ပဲပေးတာဖြစ်ဖြစ် ပိုက်ဆံတွေပေးတာပဲဖြစ်ဖြစ် အဲလိုမျိုးတွေနဲ့ လုပ်ရင်အရမ်းလွယ်။

ဘာလို့လဲဆိုတော့ ပြည်သူလူထုအများစုကလည်း အရမ်းဆင်းရဲကြတာလေ။ လယ်ယာမြေတွေအသိမ်းခံခဲ့ရတာရယ်။ ကျူးကျော်ဆိုတဲ့ အင်အားတွေကလည်း အများကြီးလေ ၅ဝဝဝေ လာက်ရှိတယ်။ ကျူးကျော်အရေအတွက်ကတင် အဲဒါမဲပေးခွင့်ရှိတာကို ပြောတာလေ။ ကျူးကျော်မဲပေးခွင့်ကကို ၅ဝဝဝလောက်ရှိတယ်။ ဒေသခံ အရင်တည်းကရှိတဲ့ ရွာသူရွာသားတွေက တစ်သောင်းခွဲလောက်ရှိတယ်။ အဲအနေအထားမှာ ကျူးကျော်မဲကလည်း ၄ပုံ ၁ပုံလောက်ရှိတာပေါ့။ နောက်ဒေသခံအများစုကလည်းရွာတွေမှာဖြစ်ပြီးတော့ အရမ်းဆင်းရဲတယ်လေ။ ဆင်းရဲတယ်။ သူတို့က ဟိုအရင်တည်းက ဒါကြီးကို ကြိုတင်ပြင်ဆင်ထားပြီးသားလေ။ သူတို့အင်အားကောင်းအောင် လုပ်ထားပြီးသားရှိတာကို အခြေခံမှာကကို သူတို့က အင်အားတောင့်တောင့်တင်းတင်းကောင်းကောင်းရှိတယ်။

အဲလိုအခြေအနေကနေ ဒီလိုမျိုးတွေ မှန်မှန်ကန်ကန်မလုပ်ဘဲနဲ့ နည်းမှန်လမ်းမှန်မှန်မှန်ကန်ကန်မလုပ်ဘဲနဲ့ မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ လုပ်တာပေါ့။ သူအနိုင်ရချင်လို့ တစ်ဦးချင်းလုပ်တယ်လို့ပဲ ပြောချင်တာပါ။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်တွေကို တိုင်ကြားထားတာလဲ။

ဖြေ။ ။ တိုင်တာက ရွေးကောက်ပွဲကော်မရှင်ပါ။ ပြည်ထောင်စုအစိုးရအဖွဲ့ကိုက သူ့ကိုတိုင်တာမဟုတ်ပါဘူး။ ဒီကျူးကျော်ရွာကိုပေါ့။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းကလည်း ဒီကိစ္စနဲ့ပဲ ကျွန်တော်အမှုဖွင့်ဖူးတယ်။ ရဲစခန်းမှာ အဲတုန်းကလည်း အဲဒီရွာကို ပြည်ထဲရေး အမည်ပေါက်ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီးတော့ ပေးကမ်းပြီးတော့ မဲရအောင်လုပ်သွားတာရှိတယ်။ ရွာထိပ်မှာ ဆိုင်းဘုတ်ထောင်ပေးတယ်။ ရွာအမည်ဆိုင်းဘုတ်ပေါ့။ လူဦးရေးဘယ်လောက် အိမ်ထောင်စုဘယ်လောက် အဲလိုမျိုးတွေလာထောင်ပေးပြီးတော့ လုပ်တယ် အဲတုန်းကလည်း တစ်ခါ အဲလိုလုပ်တော့ ကျွန်တော်အဲတုန်းကလည်း ရဲစခန်းမှာ အမှုဖွင့်တယ်။

ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မနဲ့ အမှုဖွင့်တယ်။ အဲအမှုက ရဲအရေးပိုင်တဲ့ အမှုပါပဲ ဒါပေမယ့် ဥပဒေအကြံပေးက တရားစွဲဆိုရန် မသင့်ဆိုပြီးပယ်ချတော့ တရားရုံးကိုတော့ ရောက်မလာခဲ့ဘူးပေါ့။ အဲတော့ ၂ဝ၁၆ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီဆိုတဲ့အခါကျတော့ ၂ဝ၁၆တည်းက ဒီဟာတွေကို နိုင်ငံရေးအရ အသုံးချတာ ဘယ်တော့မှ နောက်တစ်ကြိမ်အဖြစ်ခံလို့မရဘူးလေ။ အဲတာကြောင့်မို့လို့ အဲအချိန်တည်းက အဲရွာပြည်ထဲရေးအမည်ပေါ က် ဖြစ်ဖို့လို့ ကြိုးစားနေတာ လွှတ်တော်ထဲမှာကို မေးခွန်းက နှစ်ခါမေးပြီးသွားပြီ ဒီတိုင်းလည်း စာတွေတင်ပြီးတော့မှ ကွင်းဆင်းစစ်ဆေးတာတွေ သုံးသပ်ချက်တွေတင်တာတွေ စစ်ဆေးတွေ့ရှိချက်တွေ အများကြီးလုပ်ခဲ့တယ်။ လုပ်ခဲ့ပေမယ့်လည်း သက်ဆိုင်တဲ့ဝန်ကြီးဌာနပေါ့။ သယံဇာတပေါ့။ သယံဇာတနေပြည်ထောင်ကောင်စီရဲ့ သဘောထားကတော့ သစ်တော မပယ်ဖျက်ပေးနိုင်ဘူးဆိုတဲ့ သဘောထားရယ်။ ဒီအိမ်ထောင်စုတွေကို အိမ်ယာစီမံကိန်းဖော်ထုတ်တဲ့နေရာမှာ ရွေ့ပြောင်းနေရာချထားပေးမယ်ပေါ့။ ဒီလိုပဲပြောနေတဲ့အခါကျတော့ ပြောပြီးတော့ လုပ်တာလည်း မဟုတ်တဲ့အခါကျတော့ သူတို့မှာ နိုင်ငံရေးအရ အသုံးချဖို့ရာ ဖြစ်နေတာလေ။ ဒါကြောင့် အဲတာတွေကို ပြည်ထဲရေး အမည်ပေါက် ကျေးရွာအဖြစ် သက်ဆိုင်တဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေပေါ့။ သစ်တောတို့ နေပြည်တောင်ကောင်စီတို့နဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ပြည်ထဲရေး အမည်ပေါက်ကျေးရွာဖြစ်ရေးလုပ်ပေးဖို့တင်တာပါ။ အဲလိုမှ မလုပ်ပေးဘူးဆိုရင်လည်း နိုင်ငံရေးအရ အသုံးချနေတဲ့သူတွေကို အမြတ်ထုတ်နေတဲ့သူတွေကို အရေးယူပေးပါဆိုပြီးတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုင်လိုက်တာ။

မေး။ ။ ဒီလိုလုပ်ဆောင်တာတွေက ရွေးကောက်ပွဲ ကော်မရှင်စည်းမျဉ်းတွေနဲ့ ဘယ်လို ငြိစွန်းလဲ။

ဖြေ။ ။ ဒါတွေက ကော်မရှင်မှာ တာဝန်ရှိတယ်လေ။ ကော်မရှင်မှာ နည်းမှန်လမ်းမှန်မဟုတ်တဲ့ စည်းရုံးတဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ထိန်းကြောင်းရမယ့် တာဝန်ရှိတာပေါ့။ အခုဟာက ကိုယ်စားလှယ်အနေနဲ့က စည်းရုံးရေးဆင်းလို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းလို့တော့ မရသေးဘူးလေ။ ဒါပေမယ့် ပါတီစည်းရုံးတွေကတော့ လုပ်လို့ရတာပေါ့။

တကယ်လို့ ပါတီစည်းရုံးရေးလုပ်တယ်။ ပါတီဝင်အင်အားတောင့်တင်းဖို့ လုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့က ရိုးရိုးသားသားနနဲ့ပဲ စည်းရုံးရမှာလေ ပြည်သူလူထုကို မှန်ကန်တဲ့ အသိအမြင်တွေဖွင့်ပေးမယ်။ ပါတီရဲ့ မူဝါဒတွေ လုပ်ငန်းစဉ်တွေ သဘောတရားတွေရှင်းပြမယ်။ ဒီလိုမျိုးနဲ့ပဲ စည်းရုံးရမှာလေ။ အခုကျတော့ အဲလိုမဟုတ်ဘူး။ ပါတီဝင်တဲ့သူ ကံစမ်းမဲနှိုက်ရမယ်။ မဝင်တဲ့သူ မနှိုက်ရဘူး။

အဲလိုမျိုးတွေပေါ့။ အဲလိုနည်းနဲ့ ပါတီဝင်အင်အား များများရအောင်စည်းရုံးတာတော့ အဓိပ္ပာယ်တော့မရှိဘူး။ စီးပွားရေးလုပ်ငန်းလည်းမဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းတွေ သူတို့ကုန်ပစ္စည်း ရောင်းအားမြှင့်တင်ဖို့အတွက် ကြော်ငြာတဲ့နည်းလမ်းလေ ဒါကကျွန်တော်တို့က နိုင်ငံရေးလုပ်တာ နိုင်ငံရေးလုပ်တာမှာ ကုန်ပစ္စည်းရောင်းထွက်ဖို့ ရောင်းအားမြှင့်တင်သလိုတော့ လုပ်လို့မရဘူးလေ။ ကျင့်ဝတ်နဲ့ အညီလုပ်ကိုင်တတ်ဖို့တော့ လိုတာပေါ့။

မေး။ ။ သူအဲဒီလိုတွေပြောဆိုတာ ဘယ်မှာပြောဆိုတာလဲ။

ဖြေ။ ။ သူရဲ့ ကြံ့ခိုင်ရေးမြို့နယ်ရုံးမှာ ခေါ်ခေါ်ပြောတယ်။ သူပြောတာက တစ်မြို့နယ်လုံးပဲစုံနေပြီး ၂ဝ၂ဝ ဇန်နဝါရီ ၁ရက်နေ့တည်းကစတာ အဲနေ့တည်းက စပြီးတစ်မြို့နယ်လုံးပတ်ခေါ်နေတာပဲ သီရိမင်္ဂလာရွာနဲ့ တွေ့ဆုံပွဲက ပြောခဲ့တဲ့ဟာကို တိုင်ကြားတာ အဲရွာနဲ့ တွေ့ဆုံပွဲမှာ အဲရွာက သွားတဲ့သူတွေက အသံဖမ်းလာတာပေါ့။

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားတဲ့ထဲမှာ ဥပဒေပုဒ်မတွေ ပါလား။

ဖြေ။ ။ ပါတယ်။ ပုဒ်မ ၂၄(ခ)အရ အမှန်ကတော့ သူ့ကိုတိုင်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ သူ့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ အဲပုဒ်မအရဆိုရင် ကော်မရှင်ကနေမှ သက်ဆိုင်တဲ့ပါတီကို လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်လို့ရတာပေါ့။ လူကိုတော့ တိုက်ရိုက်တော့မဟုတ်ဘူးပေါ့။

သူ့ကိုအရေးယူပါလို့ မဟုတ်ဘူး။ ဒီပုဒ်မအရ သက်ဆိုင်တဲ့ပါတီ ဒီလိုဒီလိုတွေလုပ်တဲ့အတွက် ဒီပုဒ်မအရ သက်ဆိုင်တဲ့ပါတီကို လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်သတ်မှတ်ပေးပါဆိုတဲ့ သဘောမျိုးပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts