Local News Peace political news

၂၀၂၀ တွင် တစ်ကျော့ပြန်လာသော အမျိုးသားရေး လှုပ်ရှားမှုများ Facebook လူမှုကွန်ရက်ကို အဓိကထား အသုံးပြု ချိတ်ဆက်လှုပ်ရှား

၂၀၂၀ တွင် တစ်ကျော့ပြန်လာသော အမျိုးသားရေး လှုပ်ရှားမှုများ Facebook လူမှုကွန်ရက်ကို အဓိကထား အသုံးပြု ချိတ်ဆက်လှုပ်ရှား

By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံး MNO ဖွဲ့စည်းခြင်းနှင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သော အမျိုးဘာသာသာသနာ အတွက် ဆန္ဒပြပွဲတွင် Facebook လူမှုကွန်ရက်ကို အဓိက ထား အသုံးပြုသွားခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အချက်အလက်ရှာဖွေရေး အဖွဲ့၏ လေ့လာချက်အရ သိရှိရသည်။

MNO ဖွဲ့စည်းခြင်း

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှစတင်၍ အမျိုးသားရေးအတွက် ဆောင်ရွက်နေသူများအကြားတွင် လာမည့် ရွေးကောက်ပွဲတွင် မည်သို့မည်ပုံ ဆောင်ရွက်ကြမည်နည်းဆိုသော ဆေေွးနွးမှုများရှိခဲ့ကြပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံး MNO တည်ထောင်ခြင်းနှင့် ဖွဲ့စည်းရေးအတွက် လူမှုကွန်ရက်မှတစ်ဆင့် ဖိတ်ခေါ်မှုများ လှုံ့ဆော်မှုများကို စတင်မြင်တွေ့ခဲ့ရသည်။

အဆိုပါ MNO ဖွဲ့စည်းခြင်းနှင့် လျှောက်လွှာ ခေါ်ယူခြင်းတို့ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ပိုင်းတွင် စတင်၍ MNO အဖွဲ့၏ Logo များကို Profile Picture များအဖြစ် စတင်အသုံးပြုလာခဲ့သည်ကို တွေ့ရှိရသည်။


အထူးသဖြင့် Tint Lwin ၊ Ko Kay, Bo Than Lone ၊ Han Zaw Oo ၊ Tay Zar Lwin ၊ စစ်ပြန်ကြီး၊ ၊ Swe Thet Lynn ၊ Thu Ra အကောင့်များတွင် MNO နှင့်ပတ်သက်၍ ဖိတ်ခေါ်မှုများနှင့် ပူးပေါင်းရန် ဆော်သြမှုများကိုလည်း တွေ့မြင်ရသည်။

MNO ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်မှုများအတွက် လူမှုကွန်ရက် အကောင့်ပေါင်း ၁၀၀ ထက်မနည်းက လှုံ့ဆော်မှု ရှိခဲ့ပြီး နာမည်အမျိုးမျိုး ၊ ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။အဆိုပါ Facebook အကောင့်များ၏ စာရင်းများကို ရန်ကုန်ခေတ်သစ်သတင်းဌာန၏ အချက်အလက် ရှာဖွေရေးအဖွဲ့က ပြုစုထားသည်။

MNO ဖွဲ့စည်းတည်ထောင်ခြင်းအတွက် Facebook လူမှုကွန်ရက်သည် အဓိက အခန်းကဏ္ဍက အသုံးပြု၍ ချိတ်ဆက်မှု ရယူသွားကြောင်း ရန်ကုန်ခေတ်သစ်အဖွဲ့၏ လေ့လာစူးစမ်းမှုများအရ သိရှိရသည်။

MNO ၏ ပထမဆုံးဦးသော အမျိုးဘာသာသာသနာအတွက် ဆန္ဒပြပွဲ

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံးMNOက ဦးဆောင်၍ ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့က အမျိုးဘာသာ သာသနာအတွက် ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲကို မစတင်မီကပင် Facebook လူမှုကွန်ရက်များတွင် ဖိတ်ကြားမှုများ ၊ လူစုစည်းမှုများ၊ နယ်ဒေသများနှင့် ချိတ်ဆက်မှုများကို မြင်တွေ့ရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ ဆန္ဒပြပွဲ ဖိတ်စာများတင်၍ လာရောက် ပူးပေါင်း အင်အားပြကြရန် လှုံ့ဆောင်ခဲ့ကြပြီး အထူးသဖြင့် အနာဂတ်ဝီရ မျိုးဆက်၊ Swe Thet Lynn အကောင့်များက လူပေါင်း ၄၀ ကျော်ကို ပူးတွဲ၍ ဖိတ်စာများ တင်ခဲ့ကြသည်။ အမျိုးသားရေး အကောင့်များစွာကလည်း ယင်းဖိတ်စာကို ပြန်လည် ကူးယူပြီး ဖိတ်ကြားမှုများ လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

MNO ၏ ပထမဦးဆုံးသော အမျိုးဘာသာ သာသနာအတွက် ဆန္ဒပြပွဲကိုလည်း Facebook လူမှုကွန်ရက်ကို အဓိကထား အသုံးပြုသွားသည်ကို တွေ့မြင်ရသည်။

ဆန္ဒပြပွဲ ဖိတ်စာကို မျှဝေခဲ့ကြသည့် Facebook အကောင့် ရာဂဏန်းခန့်ကို ရန်ကုန်ခေတ်သစ် အချက်အလက် ရှာဖွေရေးအဖွဲ့က မှတ်တမ်းတင်ထားသည်။ အချို့သော လူမှုကွန်ရက်အကောင့်များသည် တစ်ဦးတည်းတွင်ပင် အကောင့် ၃ ခုထက်မနည်းအသုံးပြု ချိတ်ဆက်ကြသည်ကို တွေ့ရှိရသည်။

အမျိုးသားရေး ဆွေးနွေးသော လူမှုကွန်ရက် Group များ

အမျိုးသားရေး တက်ကြွလှုပ်ရှားသူများအကြား ဆွေးနွေး အမြင်သဘောထား ဖလှယ်ကြသည့် Group များစွာ ရှိလာပြီး အချို့သော Group များသည် Closed Group များအဖြစ် ထားရှိကြသည်။

အဆိုပါ Public Group အမြင်သဘောထားဖလှယ်မှုများအပြင် အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို မျှဝေကြမှုများကိုလည်း တွေ့မြင်ရသည်။ အမျိုးသား နိုင်ငံရေး Public Group ၏ Admin များမှာ ကြံ့ခိုင်ရေးပါတီမှ ပါတီဝင်များဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ ယင်းPublic Group များတွင် လူမှုကွန်ရက်အသုံးပြုရာတွင် ဆောင်ရန် ရှောင်ရန် နှင့် ပြိုင်ဘက်နိုင်ငံရေးပါတီများ၏ သတင်းအချက်အလက်များကို မျှဝေမှုများကို လည်း မြင်တွေ့ရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက လူ ၄၀၀၀ နီးပါးရှိသော အမျိုးသားရေး ဆွေးနွေးမှုဆိုင်ရာ Public Group တစ်ခုနှင့် အခြားသော လူအနည်းငယ်သာရှိသော အမျိုးသားရေး ဆွေးနွေးမှု Closed Group တချို့ကို မှတ်တမ်းတင်ထားသည်။

မြန်မာ့စစ်သည်တော်များ Page

ရန်ကုန်တွင် MNO က ပထမဦးဆုံးသော ဆန္ဒပြပွဲ စတင်သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မြန်မာ့စစ်သည်တော်များအမည်ဖြင့် Page တစ်ခု ဖွင့်လှစ်လာသည်။ အဆိုပါ Page တွင် ကြေညာချက် ၁/ ၂၀၂၀ ကို ထုတ်ပြန်ပြီး ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံအတွက် ဆူးညှောင့်ခလုတ်များကို ရှင်းလင်းမည်ဟုလည်း ဖော်ပြထားသည်။

စစ်သည်တော်များ ဆိုသည့် ကြေညာချက်ကို နောက်ခံစကားပြော ဗီဒီယိုဖိုင်တစ်ခုကို လည်း တင်ထားသော်လည်း ဗီဒီယိုတွင် ပါဝင်သည့် စစ်သားတချို့၏ ပုံများမှာ အခြားသော ဗီဒီယိုတစ်ခုမှ ကူးယူထား၍ နောက်ခံ စကားပြောထည့်၍ တင်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

အဆိုပါ Page လိပ်စာမှာ အောက်ပါအတိုင်းဖြစ်သည်။

https://www.facebook.com/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%85%E1%80%85%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-104344641145534/

၂၀၂၀ နှစ်ဆန်းပိုင်းမှစတင်နေသော အမျိုးဘာသာ သာသနာ ဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှုများအားလုံးသည် Facebook လူမှုကွန်ရက်ကို အဓိက အခြေခံ၍ နယ်ပယ်အသီးသီးမှ ချိတ်ဆက် ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က လေ့လာ တွေ့ရှိထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com