Local News Peace political news

ဦးဝီရသူနှင့်ဦးလှဆွေ ဖမ်းမမိမှု တပ်မတော်ကို အပြစ်တင်သည့်သဘောပြောဆိုသော ဝန်ကြီးသူရဦးအောင်ကို ကို အရေးယူပေးရန် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတောင်းဆို

ဦးဝီရသူနှင့်ဦးလှဆွေ ဖမ်းမမိမှု တပ်မတော်ကို အပြစ်တင်သည့်သဘောပြောဆိုသော ဝန်ကြီးသူရဦးအောင်ကို ကို အရေးယူပေးရန် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပြည်ထဲရေးဝန်ကြီး လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော် လက်အောက်တွင်ရှိသည့် အတွက်ကြောင့် ဦးဝီရသူ၊ ဦးလှဆွေတို့ကို ဖမ်းမမိခြင်းဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကို၏ ပြောဆိုချက်ကို အစိုးရအဖွဲ့က အရေးယူပေးရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တောင်းဆိုလိုက်သည်။

နေပြည်တော်တွင် ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ကန့်ကွက်သူတွေကို ဖမ်းမှာလားလို့မေးတဲ့အခါမှာ သူကဖမ်းမှာလို့ပြောတယ်။ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ကို ဖမ်းခိုင်းရမှာဖြစ်တယ်ပေါ့။ တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ရှိတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တာဝန်ပေးရမှာဖြစ်တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ကို အဓိကအုပ်ချုပ်နေတာ အစိုးရမဟုတ်ဘဲနဲ့ မည်သည့်အဖွဲ့အစည်းက အုပ်ချုပ်နေသည်ကို အားလုံးသိတယ်ဆိုပြီးတော့ ပြောသွားတယ်။ နောက်ပြီးတော့ ဦးဝီရသူနဲ့ ဦးဘူးလက် လှ ဆွေနဲ့ပတ်သက်ပြီးတော့လည်း တိမ်းရှောင်နေဆဲပေါ့။ ဒီလိုဟာတွေကို ကျွန်တော်တို့က ထင်ယောင်ထင်မှားဖြစ်အောင် အထောက်အထားမဲ့ ဥပဒေမဲ့ လက်လွတ် ပြောသွားတာတော့ ကျွန်တော်တို့ တွေ့ရပါတယ်။ နောက်တစ်ခုကတော့ ဒီဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး ကြေးစားဆန္ဒပြတာတွေကို ဖမ်းဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့ကြီးကို တာဝန်ပေးရင် ၎င်းအဖွဲ့က အစိုးရအောက်မှာ မရှိဘဲနဲ့ တစ်ဖက်အဖွဲ့အစည်းအောက်ကို ရောက်နေတဲ့အခါမှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ တစ်ဖက်အဖွဲ့အစည်းမျက်နှာကို ပြန်ကြည့်ရသဖြင့် ဖမ်းလည်းမဖမ်းဘူး ဆိုတာမျိုးတွေပြောသွားတာရှိပါတယ်” ဟု မှူးချုပ်ဇော်မင်းထွန်းကပြောဆိုသည်။

ဝန်ကြီး၏ ပြောဆိုချက်သည် မည်သည့်အဖွဲ့အစည်းကို ရည်ရွယ်ပြီးပြောဆိုသည်မှာ ထင်ရှားနေကြောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ပုဒ်မ ၂၃၂ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ် ၂အရ ပြည်ထောင်စုဝန်ကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းရသည်မှာ မှန်ကန်သော်လည်း ကွပ်ကဲမှု အုပ်ချုပ်မှုပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အစိုးရအဖွဲ့က လုပ်ပိုင်ခွင့်အပြည့်ဖြင့် အုပ်ချုပ်ခွင့် ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ ၂၁၆ကနေ ၂၂ဝထိ ပြည်ထောင်စုအစိုးရရဲ့ အုပ်ချုပ်မှု အခွင့်အာဏာ ပုဒ်မ ၂ဝ၁ကနေ ပုဒ်မ၂၁၅မှာ အကျုံးဝင်တဲ့ နိုင်ငံတော်သမ္မတ၏ တာဝန်ရဲ့ လုပ်ပိုင်ခွင့်တွေမှာ ပြန်ပြီး လေ့လာကြည့်ရင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလက်တွေ့မြေပြင်မှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာ လေ့လာကြည့်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ အဖွဲ့အစည်းတစ်ခုကို သိက္ခာကျစေတဲ့စိတ်နဲ့ လုပ်တာကတော့ မကောင်းဘူးလို့ ထင်တယ်။ အဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်တော်ရဲ့ သဘောထားကတော့ နံပါတ်တစ်ကတော့ လုံးဝအခြေအမြစ်မရှိဘဲနဲ့ ဥပဒေနဲ့ မညီတဲ့ ပြောကြားချက်လို့ ပြောလိုပါတယ်။ နံပါတ် ၂အချက်ကတော့ တပ်မတော်အနေနဲ့ကတော့ အဲလို အခြေအမြစ်မရှိ ဥပဒေလက်လွတ်ပြောကြားချက်တွေကို ငြင်းဆိုပါတယ်။ ကန့်ကွက်ပါတယ်။ နံပါတ်၃ ကတော့ အစိုးရအနေနဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ ဝန်ကြီးတစ်ဦးရဲ့ ဒီလိုပြောကြားချက်တွေကို ဖြေရှင်းပေးဖို့ အရေးယူပေးဖို့ တင်ပြလိုပါတယ်” ဟု ၎င်းကပြောဆိုသည်။

ဝန်ကြီး သူရဦးအောင်ကိုပြောဆိုချက်ကို ယနေ့ပြုလုပ်သည့် တပ်မတော်စာရှင်းလင်းပွဲတွင် Video ဖြင့် မီဒီယာများကို ပြသခဲ့ခြင်းဖြစ်ပြီး ထိုပြောဆိုချက်သည် ဇန်နဝါရီလ ၂၇ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ စုံညီ ညီလာခံတွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး သူရဦးအောင်ကိုက ဦးဝီရသူနှင့် ဦးလှဆွေတို့ကို ဖမ်းဆီးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်တာဝန်ရှိပြီး ရဲတပ်ဖွဲ့ကို အုပ်ချုပ်နေသည်မှာ အစိုးရအဖွဲ့မဟုတ်ဘဲ မည်သည့်အဖွဲ့က အုပ်ချုပ်နေလဲဆိုသည်ကို အားလုံးက သိရှိကြောင်း ဇန်နဝါရီ၂၆ ရက်က ရန်ကုန်မြို့၊ City Hotel Yangon တွင် ကျင်းပခဲ့သည့် မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ စုံညီအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

Photo Credit – Thura U Aung Ko Facebok

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com