All News China Watch Health

၀မ်ပေါင်ကုမ္ပဏီ၊ စီနိုဝမ်းမှ တရုတ်ဒုမန်နေဂျာ တရုတ်ပြန်ရန် မန္တလေး ထွက်ခွာ၍ အလုပ်သမား ၁၀၀၀ ကျော် အလုပ်ပြန်ဆင်း

၀မ်ပေါင်ကုမ္ပဏီ၊ စီနိုဝမ်းမှ တရုတ်ဒုမန်နေဂျာ တရုတ်ပြန်ရန် မန္တလေး ထွက်ခွာ၍ အလုပ်သမား ၁၀၀၀ ကျော် အလုပ်ပြန်ဆင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တရုတ်မှ ပြန်လာသည့် တရုတ်ဒုမန်နေဂျာကို ကျန်းမာရေးမစစ်ဆေးဘဲ လက်ခံခဲ့မှုကြောင့် အလုပ်သမားများ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာမှ ယနေ့တွင် တရုတ်နိုင်ငံသို့ ပြန်ပို့ရန် ကုမ္ပဏီဘက်က ဆုံးဖြတ်ပြီး မန္တလေးသို့ ပို့ဆောင်လိုက်သဖြင့် အလုပ်သမား ၁၀၀၀ ကျော် အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း ဒေသခံ အလုပ်သမားများထံမှ သိရှိရသည်။

“ကုမ္ပဏီဘက်က တရုတ်ဒုမန်နေဂျာကို ပြန်ပို့မယ်ဆုံးဖြတ်ပြီးတော့ မနေ့ညက ကျနော်တို့ ကိုယ်တိုင် မုံရွာတိုးဂိတ်ကို လိုက်ပို့တယ်။ ၉ နာရီကျော်လောက်မှ ပြန်သွားတယ်။ ဒီနေ့ မနက် ၉ နာရီ လေယာဉ်နဲ့ တရုတ်ကို ပြန်မယ်ပြောတယ်။ စစ်ကိုင်း၊ မုံရွာအဖွဲ့တွေ ချိတ်ဆက်ပြီး စောင့်ကြည့်နေကြပါတယ်။ အလုပ်သမားတွေကတော့ ဒီနေ့ အလုပ် ပြန်ဆင်းနေကြပါပြီ” ဟု ဒေသခံ အလုပ်သမား ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီ၊ စီနိုဝမ်းမှ တရုတ်ဒုမန်နေဂျာသည် ဇန်နဝါရီ လ ၃၁ ရက်နေ့ ညပိုင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသို့ တရုတ်နိုင်ငံမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြိး ဖေဖော်ဝါရီလ ၁ ရက်နေ့က အလုပ်သမား၁၀၀၀ ကျော်က အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီးနောက် ပြန်လည် ထွက်ခွာသွားရခြင်းဖြစ်သည်။

တရုတ်ဒုမန်နေဂျာကို ပြန်ပို့ရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနှင့် ကုမ္ပဏီအကြားတွင်လည်း ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၃၁ ရက်နေ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရောက်ရှိလာသော တရုတ်ဒုမန်နေဂျာ။
Photo Credit- Myint Win

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com