All News Local News Peace

အေအေဟု မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရသော ကိုဌေးလှိုင် မင်းပြားဆေးရုံမှ စစ်တွေဆေးရုံ ပို့ဆောင်ထားရ

အေအေဟု မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရသော ကိုဌေးလှိုင် မင်းပြားဆေးရုံမှ စစ်တွေဆေးရုံ ပို့ဆောင်ထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် ရခိုင်တပ်တော်(AA)တပ်ဖွဲ့ဝင်ဟု မသင်္ကာမှုဖြင့် ဖမ်းဆီးနှိပ်စက်ခံခဲ့သော ကိုဌေးလှိုင်ကို ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် မင်းပြားဆေးရုံမှ စစ်တွေမြို့နယ်ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သင်္ဂဟကမ်းလက်ရက္ခိအဖွဲ့က ဦးအမ်းသားကြီးကပြောဆိုသည်။

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က တပ်မတော်နှင့် AA တို့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကိုဌေးလှိုင်လည်း ကြောက်ရွံ့စွာ ထွက်ပြေးရင်း ဖမ်းဆီး နှိပ်စက်ခံရခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးနှိပ်စက်ခံရသဖြင့် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။

“သူ့ကို ကျွန်တော်တို့ စစ်တွေဆေးရုံကို ပို့လိုက်ပါတယ်။ ခေါင်းမှာ ပေါက်ပြဲဒဏ်ရာတွေ မျက်နှာမှာ စုတ်ပြတ်ဒဏ်ရာ တံတောင်ဆစ်တွေမှာရယ် ခြေသလုံးတွေမှာ ဒဏ်ရာတွေရှိတယ်။ ရင်ဘတ်တွေလည်း အောင့်နေတယ်ပြောတယ်။ ဆရာဝန်ကတော့ စစ်တွေဆေးရုံကို သွားလိုက်လို့ပြောတာပဲ။ အသက်အန္တရာယ် စိုးရိမ်ရလားဆိုတော့ ကျွန်တော်တို့လည်း မခန့်မှန်းတတ်ဘူးဗျ။ သူ့ကိုကျွန်တော်တို့ စစ်တွေဆေးရုံပို့လိုက်တယ်။ ဘာမှတော့ ကျွန်တော်တို့မသိသေးဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကတောင် လာကြည့်တာမရှိဘူး။ အမှုဖွင့်ရင်လည်း ထူးမှာမဟုတ်ဘူး။ အမှုဖွင့်ထားတာတော့ မရှိဘူးဗျ။ လွှတ်ကိုယ်စားလှယ်လည်း လာကြည့်တာမတွေ့ဘူး။ ကျွန်တော်တို့က လူနာရှင်မဟုတ်တော့ ဘယ်ဟာမှ အကြောင်းကြားထားတာတော့မရှိဘူး။ ကျွန်တော်တို့က ကူညီပေးတာပဲရှိပါတယ်။ သူဆေးရုံတွေ အသုံးစရိတ်အကုန်လုံးကို ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးဖို့ အစီအစဉ်တော့ရှိတယ်” ဟု ဦးအမ်းသားကြီးကပြောဆိုသည်။

တိုက်ပွဲများကြောင့် အရပ်သားပြည်သူများထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ပါက အရပ်သားများကို ထိခိုက်စေသည့် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များကို ထိရောက်စွာအရေးယူနိုင်ရေးအတွက် သတ္တိများလိုအပ်နေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တော့ အရပ်သားတွေပဲ ထိခိုက်နစ်နာတယ်ဆိုပြီးတော့ မြန်မာနိုင်ငံနိုင်ငံရေးအသိုင်းအဝိုင်းတွေက သုံးသပ်နေတာတော့ရှိတယ်။ တိုက်ပွဲဖြစ်တိုင်းပြည်သူတွေထိခိုက်နစ်နာတယ်ဆိုရင် ပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်တာ ဘယ်သူတွေလည်းဆိုတာကို ကျွန်တော်တို့အပါအဝင် မြန်မာနိုင်ငံ နိုင်ငံရေးသမားတွေက ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြီးတော့ ပြောဖို့လိုတယ်။ တိုက်ပွဲဖြစ်တိုင်း ပြည်သူတွေ ထိခိုက်နစ်နာရတယ်ဆိုပြီး ပြောနေရုံလောက်နဲ့တော့ မပြီးဘူးလေ။ ပြည်သူတွေကို ထိခိုက်နစ်နာအောင်လုပ်တဲ့ အဖွဲ့အစည်းတွေ လူတွေ အဲတပ်မတော်တွေ တပ်တော်(AA)တွေ အဲတာတွေကို ထိထိရောက်ရောက်နဲ့ အရေးယူပေးရမယ်။ အရေးယူဝံ့တဲ့ သတ္တိတွေလည်းရှိရမယ်” ဟု ဦးအမ်းသားကြီးကပြောဆိုသည်။

ကိုဌေးလှိုင်ကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်မီဒီယာက ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts