Features Peace political news

အမျိုးသားရေး အသင်းအဖွဲ့အသစ်များ ပေါ်လာ၊ YMBA ကို တိုင်း/မြို့နယ် အခြေခံ၍ ပြန်လည် ဖွဲ့စည်းနေပြီး ကြံ့ခိုင်ရေးပါတီဝင်တချို့နှင့် အမျိုးသားရေးလှုပ်ရှားသူများ ပါဝင်ဝန်းရံ

အမျိုးသားရေး အသင်းအဖွဲ့အသစ်များ ပေါ်လာ၊ YMBA ကို တိုင်း/မြို့နယ် အခြေခံ၍ ပြန်လည် ဖွဲ့စည်းနေပြီး ကြံ့ခိုင်ရေးပါတီဝင်တချို့နှင့် အမျိုးသားရေးလှုပ်ရှားသူများ ပါဝင်ဝန်းရံ

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ အမျိုးသားရေးအသင်းအဖွဲ့အသစ်များ ထပ်မံပေါ်လာပြီး YMBA အသင်းပြန်လည် ဖွဲ့စည်းမှုတွင် ကြံ့ခိုင်ရေးပါတီဝင်တချို့နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများကလည်း တက်ကြွစွာ ပါဝင်ဝန်းရံနေကြကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

၂၀၂၀ ဇန်နဝါရီလဆန်းပိုင်းကစပြီး အမျိုးသားရေးအသင်းအဖွဲ့အသစ်များ ပေါ်ပေါက်ဖွဲ့စည်းလျက်ရှိပြီး အဓိကအားဖြင့် ယခင် အမျိုးဘာသာသာသနာစောင့်ရှောက်(မဘသ) အဖွဲ့နှင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များတွင် ပါဝင်ခဲ့ကြသည့် အဖွဲ့ဝင်ဟောင်းများကပင် ဦးစီး၍ ဖွဲ့စည်းနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်အရုံး(MNO)

မြန်မာနိုင်ငံလုံးဆိုငရာ အမျိုးသားရေးအစည်းအရုံး(MNO) ကို ၂၀၂၀ ခုနှ
စ် ဇန်နဝါရီလတွင် အခြေတည်ခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင် ထူထောင်လိုက်ခြင်းဖြစ်သည်။ ဥက္ကဋ္ဌ မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးတင့်လွင်ဖြစ်သည်။ ဦးတင့်လွင်သည် ယခင်အမျိုးသားရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး တပ်မတော်ထောက်ခံပွဲများတွင်လည်း ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။

၂၀၁၈ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော တာမွေ စစ်ပွဲရပ် ဆန္ဒပြပွဲတွင် ငြိမ်းချမ်းရေး တောင်းဆိုသော လူငယ်များကို အကြမ်းဖက်ဖြိုခွင်းရန် ဆော်သြခဲ့သူများတွင် ဦးတင့်လွင်အပါအဝင်ဖြစ်သည်။ MNO အဖွဲ့တွင် ကိုကျောက်ခဲလည်း အပါအဝင်ဖြစ်ပြီး ကိုကျောက်ခဲသည် အဓမ္မဝါဒီဆန့်ကျင်ရေး လှုပ်ရှားသူ ကိုမြတ်ကျော်အပါအဝင် လူငယ်များကို ထိုးကြိတ် ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ၎င်း အကြမ်းဖက် ဖမ်းဆီးခဲ့သည့် ဓာတ်ပုံများမှာ ယနေ့ တိုင် အွန်လိုင်းသတင်းစာမျက်နှာများတွင် ရှိနေဆဲဖြစ်သည်။

MNO အဖွဲ့သည် အဓိက အားဖြင့် လူငယ်များ၊ တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ အထူးသဖြင့် အခြေခံလူတန်းစား များ ပါဝင် နေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

MNO အဖွဲ့သည် စတင်ထူထောင်ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် “အမျိုး ဘာသာ သာသနာကို ထိပါးစော်ကားနေမှုများ ရှုတ်ချပွဲ ” ဆန္ဒပြပွဲ ကျင်းပခဲ့ပြီး ယင်းဆန္ဒပြပွဲသည် လူအင်အား များပြားစွာ တက်ရောက်ခဲ့သည်။ ယင်းဆန္ဒပြပွဲပြီးသည့်နောက် MNO အဖွဲ့၏ လှုပ်ရှားမှုအနေဖြင့် အသင်းဝင်များ စုဆောင်းခြင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကန်ညီနောင် ကြာတစ်ပွင့် ဆရာတော်ထံတွင် သြဝါ ခံယူခြင်း များ လုပ်ဆောင်ခဲ့သည်။

MNO အသင်းဝင်လျှောက်လွှာ၊ရင်ထိုး၊ အကျီၤ များထုတ်ဝေပြီး ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် တက်ကြွစွာ ပါဝင်လာသည်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ အင်းစိန်ရွာမဆရာတော်၏ ၈၁ နှစ်မြောက်မွေးနေ့သို့ MNO အဖွဲ့ဝင်များစုံလင်စွာ တက်ရောက်ခဲ့ပြီး ဦးဝီရသူ စာအုပ်ဖြစ်သော”ပြည်သူသိစေချင်လို့ပါ” စာအုပ်ကို ဖြန့်ေ၀ ရောင်းချသည်။ အဆိုပါ စာအုပ်သည် ပုံနှိပ် မှတ်တမ်းမပါရှိဘဲ စာအုပ်ဆိုင်များမှ ဖြန့်ဝေခြင်းလည်း မဟုတ်ပေ။ MNO အဖွဲ့ဝင်များ အချင်းချင်း ကွန်ရက်ပုံစံဖြင့် မှာယူ ဝယ်ယူ နိုင်သည့် ပုံစံဖြင့် ရောင်းချခြင်းဖြစ်သည်။

MNO သည် လတ်တလော တိုင်းဒေသကြီး၊ ပြည်နယ်များသို့ စည်းရုံးရေးများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက်ရှိနေသည့် အမျိုးသားရေး အဖွဲ့တစ်ခုဖြစ်သည်။

နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစု

နယ်စည်မခြား အမျိုးသားရေး ညီနောင်များ အင်အားစုသည် ယခင် အမျိုးသားရေး ညီနောင်များ အင်အားစုကို အခြေခံ၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခြင်းဖြစ်သည်။ အမျိုးသားရေး အသင်းအဖွဲ့ ၁၀ ဖွဲ့ဖြင့် သန္ဓေတည် ဖွဲ့စည်းခြင်းဖြစ်ပြီး ဆက်လက်ပါဝင်မည့် အသင်း၊ အဖွဲ့၊ ကွန်ရက်များအတွက်လည်း လမ်းဖွင့်ထားသည်။

အဆိုပါ နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစုသည် စည်းမျဉ်း၊ စည်းကမ်းနှင့် သင်းဖွဲ့ပုံ ရေးဆွဲထားပြီးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စတုတ္တအကြိမ်မြောက် အဖြစ် အစည်းအဝေး လုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ယခင် လွှတ်တော်အမတ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်က ဦးဆောင်မှု အခန်းကဏ္ဍတွင် နေရာယူရင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစုတွင် ပါဝင်သူများသည် မျက်နှာသစ်များ မရှိဘဲ ယခင်လူဟောင်းအများစုဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တချို့လည်းပါဝင်နေသည်။ ဦးကိုနီ ရုံးချိန်းတွင် ထမင်းဝအောင်စားထားဆိုသော တီရှပ်ဝတ်ဆင်ခဲ့မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသော အမှုတွင် တရားခံပြေး အဖြစ် ကြေညာခံထားရသူ မြတ်ဘုန်းမိုရ်လည်း နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစု အစည်းအဝေးများတွင် တောက်လျှောက်ဆိုသလို ပါဝင်နေသည်။

အင်းစိန်မြို့နယ်တရားရုံးက “မင်းတို့ ထမင်းဝအောင် စားထား ” စာတန်းပါ အကျီဝတ်ဆင်သူ မြတ်ဘုန်းမိုရ်၊ တင်လင်းထိုက်(ခ) ထလင်းလင်း၊ အောင်လင်း၊ ဟိန်းဝေယံ နှင့် တင်ဌေး(ခ) အကြီးကောင်တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ယင်းတို့အနက်မှ ကိုတင်ဌေးအောင်(ခ) အကြီးကောင်ကို ၂၀၁၉ ခုနှစ်တွင် ဖမ်းမိခဲ့ကာ ယနေ့အချိန်အထိ အင်းစိန်မြို့နယ် တရားရုံးတွင် အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည်။ အဆိုပါရုံးချိန်းများသို့လည်း နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစုက အမြဲ သွားရောက်ဝန်းရံနေသည်။

ဖေဖဖော်ဝါရီ ၂၃ ရက်နေ့ အင်းစိန်ရွာမဆရာတော်၏ ၈၁ နှစ်မြောက်မွေးနေ့သို့ နယ်စည်းမခြား အမျိုးသားရေး ညီနောင်များ အင်အားစုမှ ဒေါ်ခင်ဝိုင်းကြည်အပါအဝင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

YMBA အဖွဲ့များ တိုင်းဒေသကြီး/မြို့နယ် ပြင်ဆင် တိုးချဲ့ ဖွဲ့စည်းပြီး အမျိုးသားရေး လှုပ်ရှားသူများ ပါဝင်လာ

ဗုဒ္ဓကလျာဏယုဝအသင်းကြီး YMBA က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၂၀၁၉ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် ဘွဲ့များ ချီးမြှင့်ပြီးနောက် YMBA အသင်းကို ပြင်ဆင် ဖွဲ့စည်းမှုများ စတင်လုပ်ဆောင်လာသည်။ပုံမှန်အားဖြင့် ဘာသာရေး အသင်းအဖွဲ့ပုံစံဖြစ်သည် YMBA သည် မြို့နယ်၊ တိုင်းဒေသကြီး အဆင့် ပြင်ဆင်ဖွဲ့စည်းမှုများရှိလာနေသည်။ ယင်းသို့ ပြင်ဆင်ဖွဲ့စည်းရာတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ရှေ့ဆုံးမှ ဦးဆောင်ပါဝင်လာခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် YMBA အသင်းကို ဖွဲ့စည်းရာ ဧည့်သည်တော်အဖြစ် အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဝိုင်းကြည် အပါအဝင် နယ်စည်းမခြား အမျိုးသားရေး ညီနောင် အင်အားစုမှ အဖွဲ့ဝင်တချို့ တက်ရောက်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် YMBA ကို တိုင်းဒေသကြီး အဆင့်၊ မြို့နယ်အဆင့် ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖွဲ့စည်းရေး ဦးဆောင်သူ ဧရာဝတီတိုင်း အမျိုးသားရေး ညွှန့်ပေါင်း ဥက္ကဋ္ဌ ဦးသီဟဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“အရင်တုန်းက မရှိခဲ့ဘူး။ အခုမှ ဖွဲ့စည်းတာပါ။ ကျနော်တို့ကတော့ အမျိုးဘာသာ သာသနာကို ချစ်တဲ့ မည်သူမဆို လာပြီးတော့ ပါလို့ရပါတယ်။ ဗဟိုကနေ သံဃာ ၂ ပါးရယ်။ လူပုဂ္ဂိုလ် ၆ ဦးလောက်ပါတယ်။ မြို့နယ်အသင်းတွေဖွဲ့စည်းဖို့က ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ တစ်မြို့နယ် ဆီက လူ ၆ ဦး၊ သံဃာ ၂ ပါး ပင့်ထားတယ်။ ဧရာဝတီတိုင်းဒေသကြီးအဆင့်ကတော့ ဗဟိုနဲ့ တိုင်ပင်ပြီးလုပ်မယ်။ တက်လာတဲ့မြို့နယ်တွေ အကုန်စုပြီးတော့မှ နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တွေရွေးချယ်မှာပေါ့။ မဲစနစ်ရယ်လို့တော့မဟုတ်ဘူး။ ဒီပေါ်မှာ အများယုံကြည် လက်ခံတဲ့သူတွေ ကျနော်တို့် တင်မှာပါ ။ YMBA အသင်းကြီးက အမျိုးဘာသာ သာသနာကိုပဲ အဓိက ဦးစားပေးပြီး လုပ်ဆောင်မယ့် အသင်းကြီးဖြစ်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာကို ချစ်မြတ်နိုးတဲ့သူတိုင်း YMBA အသင်းဝင်လို့ရတယ်။ ၁၉၀၆ ခုနှစ်ကတည်းက စခဲ့တဲ့ တရားဝင် အသင်းကြီးဖြစ်တယ်။ MNO ထက် YMBA ကို ဦးစားပေးပြီး လုပ်တာပါ။ နဂိုတုန်းက မတွင်ကျယ်ဘူး။ အခုက ဧရာဝတီတိုင်း ၂၆ မြို့နယ်ကို တစ်စုတစ်ဝေးတည်း ပြီးအောင် ကျောင်းကုန်းမြို့နယ်မှာ ကျင်းပတာပါ” ဟု ဦးသီဟဇော်က ဆိုသည်။

နိုင်ငံတစ်ဝန်းလုံးတွင် YMBA အသင်းခွဲများကို အရှိန်အဟုန်ဖြင့် ဖွဲ့စည်းရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ကြံ့ခိုင်ရေးပါတီဝင်တချို့က ဝန်းရံပါဝင်နေခြင်း

အမျိုးသားရေး အသင်းအဖွဲ့များ အသစ်ဖွဲ့စည်းခြင်း ၊ ပြန်လည် ဖွဲ့စည်းမှုများတွင် ကြံ့ခိုင်ရေးပါတီဝင်တချို့ ပါဝင်နေသည်။ အထူးသဖြင့် မြင်သာသည်မှာ ကြံ့ခိုင်ရေးပါတီမှ မင်းကင်းမြို့နယ် ဦးမောင်မြင့်က မျိုးချစ်တို့ဆုံရပ် အမည်ဖြင့် တိုက်ခန်း ကူညီထောက်ပံ့ထားခြင်းဖြစ်သည်။

ဦးမောင်မြင့်က ပြည်သူလူထုကြားထဲသို့ အမျိုးသားရေး အသိအမြင်များ Informal Channel ဖြင့် ရောက်ရှိစေရန်အတွက် တိုက်ခန်းကို ကူညီခြင်းဖြစ်ကြောင်း Myanmar Open Talk နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။

အဆိုပါ မျိုးချစ်တို့ ဆုံရပ် တိုက်ခန်း ၁၅၄ လမ်းတွင် တည်ရှိပြီး အမျိုးသားရေး တက်ကြွလှုပ်ရှားသူများ အစည်းအဝေး ကျင်းပလိုပါက ဒေါ်ခင်ဝိုင်းကြည်ကို အသိပေးပြီး ဦးဇော်ဝင်းထံတွင် သော့လာယူနိုင်သည်ဟု လူမှုကွန်ရက်တွင် တရားဝင် ကြေညာထားသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ကိုယ်တိုင်ကပင် အမျိုး၊ ဘာသာ ၊ သာသနာ ကို စောင့်ရှောက်မည့် သူများကိုသာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးကြရန်လည်း တိုက်တွန်းထားရာ ကြံ့ခိုင်ရေးပါတီ၏ နာယက ဦးသိန်းစိန်၏ အမှာစကားက အမျိုးသားရေးလှုပ်ရှားမှုများအတွက် တွန်းအားပေး တစ်ရပ် အဖြစ် မှတ်ယူနိုင်သည်ဟု အမျိုးသားရေးလှုပ်ရှားသူ တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ သုံးသပ်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts