All News Local News Peace

မဘသ ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး တည်ထောင်၊ ရန်ကုန်တွင် ဆန္ဒပြမည်

မဘသ ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး တည်ထောင်၊ ရန်ကုန်တွင် ဆန္ဒပြမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာနိုင်ငံတွင် မဘသနှင့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့များကို အစိုးရက ဖျက်သိမ်းလိုက်ပြီးနောက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး အစည်းအရုံး(MNO) ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း MNO ဥက္ကဋ္ဌ ဦးတင့်လွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

MNO ဥက္ကဋ္ဌ ဦးတင့်လွင်က “ ရည်ရွယ်ချက်ကတော့ ဒီအဖွဲ့က အမျိုးသားရေးသမားတွေအားလုံး အသိပညာပိုမိုကြွယ်ဝလာအောင် နံပါတ်တစ်ကတော့ အဓိကကပါပဲ။ နောက်တစ်ခုကတော့ နိုင်ငံတော်မှာ တက်လာတဲ့အစိုးရတွေနဲ့ အဆင်ပြေအောင် ချောမွေ့အောင် ဆက်လက်လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးပါ။ နောက်အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လာရင် လိုအပ်ရင် လိုအပ်သလို ဝင်ရောက်ပြီး လုပ်ဆောင်ဖို့ ကာကွယ်ဖို့ အဲဒါတွေက အဓိကကပါ” ဟု ဦးတင့်လွင်ကပြောဆိုသည်။

MNO ဦးဆောင်ကာ လာမည့် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် အမျိုး၊ ဘာသာ၊ သာသနာနှင့် နိုင်ငံတော် အချုပ်အခြာအာဏာကို စိုးရိမ်ဖွယ်ရာ ထိပါးစော်ကားနေမှုများအား ကန့်ကွက်ရှုတ်ချခြင်းဟု ခေါင်းစဉ်ပေးထားသော ဆန္ဒပြပွဲကို ရွှေဂုံတိုင်ရေခဲဆိုင်မှတ်တိုင်မှ မြို့တော်ခန်းမရှေ့ထိ ချီတက်ဆန္ဒပြကာ ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း MNOအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်လွင်ကပြောဆိုသည်။

MNO သည် လတ်တလော အဖွဲ့ဝင်လျှောက်လွှာများ ပေးပို့ထားပြီး အဖွဲ့ဝင်လိုသူများ ဖောင်ဖြည့် အဖွဲ့ဝင်နိုင်သည်ဟု သိရှိရသည်။

အမျိုးသားရေးဆရာတော် ဦးပါမောက္ခက MNO သည် မဘသ၊ ကြံ့ခိုင်ရေးနှင့် တပ်မတော်ထောက်ခံသူများ စုပေါင်း ဖွဲ့စည်းထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်မိန့်ဆိုသည်။

“ မူလတုန်းက ပြည်ခိုင်ဖြိုးအဖွဲ့မရှိဘူးလား။ မဘသ အဖွဲ့မရှိဘူးလား။ တပ်မတော် အုပ်စု အဲသုံးစု ပူးပေါင်းပြီးတော့ အမျိုးသားရေးအဖွဲ့ အမည်ခံတာပါ ။ အဲတာတွေကတော့ ဘယ်သူကတော့ အမျိုးသားရေး ဥက္ကဋ္ဌ ဘယ်သူက အတွင်းရေးမှူး အဲလိုကြီးကတော့ ဘုန်းကြီးမသိဘူး။ နောက်ပိုင်းပြန်ဖွဲ့ရင်တော့” ဟု ဆရာတော် ကမိန့်ကြားသည်။

အစိုးရနှင့် နိုင်ငံတော်သံဃနာယကက အမျိုးသားရေးလှုပ်ရှားနေသော အဖွဲ့အစည်းများဖြစ်သည့် ၉၆၉၊ မဘသနှင့် ဗုဒ္ဓဓမ္မအရဟိတ ဖောင်ဒေးရှင်းတို့ကို တရားမဝင်အဖွဲ့အစည်းအဖြင့်ကြေညာခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားရေးလှုပ်ရှားသူများကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO)အမည်ဖြင့် အဖွဲ့သစ်တစ်ခု ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts