All News Local News

အစိုးရအဖွဲ့ဝင်များစီးရန် အရပ်ဘက်သုံး ရဟတ်ယာဉ် တစ်စီးမှ မရှိ၊ ကန်ဒေါ်လာ ၁၄ သန်းကျော်တန် အီတလီ Leonardo AW139 ရဟတ်ယာဉ် တစ်စီး ဝယ်ယူထား

အစိုးရအဖွဲ့ဝင်များစီးရန် အရပ်ဘက်သုံး ရဟတ်ယာဉ် တစ်စီးမှ မရှိ၊ ကန်ဒေါ်လာ ၁၄ သန်းကျော်တန် အီတလီ Leonardo AW139 ရဟတ်ယာဉ် တစ်စီး ဝယ်ယူထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံအစိုးရအနေဖြင့် အီတလီနိုင်ငံထုတ် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၅ သန်း တန် အရပ်ဘက်သုံးAW 139 ရဟတ်ယာဉ်တစ်စီး ဝယ်ယူထားပြီး ဧပြီလ နောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံ ရောက်ရှိမည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

နေပြည်တော်တွင် ယနေ့ ကျင်းပခဲ့သော သမ္မတရုံးနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြား ပြောဆိုခြင်းဖြစ်သည်။

လက်ရှိတွင် အစိုးရတွင် အရပ်ဘက်သုံး ရဟတ်ယာဉ်မရှိ၍ တပ်မတော် ရဟတ်ယာဉ်များကို အသုံးပြုနေရခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် အီတလီနိုင်ငံမှ ရဟတ်ယာဉ် မှာယူထားပြီး လူမှုဝန်ထမ်းမှ အရာရှိကြီးများ သွားရောက်စစ်ဆေး ပြီးဖြစ်ကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက အဆိုပါ ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အီတလနိုင်ငံက ရဟတ်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီခွဲတည်ရှိရာ မလေးရှားနိုင်ငံသို့ ပို့ဆောင်ပြီး ပြန်လည် တပ်ဆင်ကာ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်းလာမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရအဖွဲ့တွေစီးဖို့ အရပ်ဘက်သုံး ရဟတ်ယာဉ်မရှိဘူး။ ကျွန်တော်တို့ ခရီးစဉ်တစ်ချို့မှာ အကူအညီတောင်းပြီးလုပ်ရတယ်။ ရဟတ်ယာဉ်သုံးတဲ့ လေကြောင်း ကုမ္ပဏီတစ်ချို့ကို ပိုက်ဆံပေးပြီးတော့ သုံးရတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ရဟတ်ယာဉ်တစ်စီးဝယ်ထားပြီးပြီ။ ဘယ်ကလဲဆိုတော့ အီတလီနိုင်ငံ Leonardo ကုမ္ပဏီ က AW 139 ဆိုတဲ့ ရဟတ်ယာဉ် အဲဒီရဟတ်ယာဉ် အဲဒီရဟတ်ယာဉ်က အီတလီ လေတပ်မှာသုံးတယ်။ ယူအေအီး လေတပ်မှာသုံးတယ်။ အိုင်ယာလန်လေတပ်တွေမှာသုံးတယ်။ အထူးသဖြင့် ဘယ်အတွက်လည်းဆိုတော့ ဒေါက်တာဝင်းမြတ်အေးတို့ ဝန်ကြီးဌာနအတွက်” ဟု ဦးဇော်ဌေးက ပြောဆိုသည်။

အဆိုပါ ရဟတ်ယာဉ်ရောက်ရှိလာပါက တပ်မတော်သုံး ရဟတ်ယာဉ် သုံးစွဲမှု လျော့ချသွားမည်ဟုထင်ကြောင်း၊ ရဟတ်ယာဉ်တန်ဖိုးသည် ယူရို ၁၃ ဒသမ ၂၇၂ သန်း (အမေရိကန်ဒေါ်လာအားဖြင့် ၁၄ ဒသမ ၃၅ သန်း ) ရှိကြောင်း၊အဆိုပါရဟတ်ယာဉ်တွင် မောင်းသူအပါ ၁၅ ဦးစီးနင်းနိုင်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts